မြန်မာ့နွေဦးတော်လှန်ရေးတွင် “ဖိုဝါဒ လွှမ်းမိုးသော စကားဝိုင်း” များက အဟန့်အတားဖြစ်စေ

မြန်မာ့နွေဦးတော်လှန်ရေးတွင် “ဖိုဝါဒ လွှမ်းမိုးသော စကားဝိုင်း” များက အဟန့်အတားဖြစ်စေ

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ချီတက်သွားမည်ဟု ကမ္ဘာသိ ကြွေးကြော်နေသော မြန်မာ့နွေဦးတော်လှန် ရေးတွင် ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများက အဟန့်အတားဖြစ်စေသည့်အတွက် ဝေဖန်ထောက်ပြရန် လို ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့က ပြောသည်။

“ဖိုဝါဒကြီးစိုးတဲ့ စကားဝိုင်းတွေ ဒီလိုထပ်ပြီးတော့ ရှိနေတယ်ဆိုရင် အနာဂတ်မှာ သွားချင်တဲ့ ဖက်ဒရယ် ဒီမိုက ရေစီ ပြည်ထောင်စု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တရားမျှတရေးဆိုတဲ့ဟာတွေ ပိုပြီးတော့ အလှမ်းဝေး စေတာ ဖြစ်တယ်။ အဲ့ဒါကြောင့် ဒီလိုမျိုးဟာတွေကို ကျမတို့ လက်မခံနိုင်ဘူး၊ ဒါတွေက ပြောရမယ်၊ ဒီဟာတွေ ပပျောက်အောင် လုပ်ဆောင်ရမယ်ဆိုတဲ့ စဉ်းစားချက်တွေနဲ့ ဒီပြပွဲတွေကို လုပ်ဆောင်ရတာဖြစ်ပါတယ်” ဟု နာင်းမို့မို့က ဓာတ်ပုံပြခန်းတွင် ပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲတွင် ပြောသည်။

နွေဦးတော်လှန်ရေးတွင် နေရာပေါင်းစုံ ကဏ္ဍပေါင်းစုံမှာ တက်တက်ကြွကြွ ပါဝင်နေကြသည့် အမျိုးသမီးများစွာ ရှိသော်လည်း အမျိုးသမီးများနှင့် တိုက်ရိုက် ဆက်စပ်နေသည့် အကြောင်းအရာများကို ဆွေးနွေးသည်ကအစ မြေပြင်တွင် လုပ်ဆောင်နေသော အမျိုးသမီးအသံများ မပါဝင်သည်ကို တွေ့ရကြောင်း နာင်းမို့မို့က ဆိုသည်။

“အမျိုးသမီးတွေရဲ့ ပါဝင်မှုလို့ ပြောတဲ့အခါမှာ အမျိုးသား‌တွေက သူတို့ရှိနေတဲ့ နေရာကနေ ဖယ်ပေးဖို့ကို ကျမ တို့ ပြောနေတာမဟုတ်ဘူး။ အမျိုးသားတွေရှိနေတဲ့ အဲ့ဒီနေရာမှာ အမျိုးသမီးတွေကလည်း ပါဝင်နေရမယ်။ အမျိုးသမီးတွေက အဲ့နေရာတွေမှာ သူတို့ရဲ့အသံတွေ ထွက်နေရမယ်၊ သူတို့ရဲ့ သုံးသပ်ချက်တွေ ရှိနေရမယ် ဆို တဲ့ဟာကို ပြောတာဖြစ်တယ်” ဟု နာင်းမို့မို့ က စကားဝိုင်းဆွေးနွေးပွဲတွင် ပြောသည်။

ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းဖြစ်မြောက်အောင် စီစဉ်သူများ၊ ပွဲဖြစ်မြောက်အောင် နည်းပညာအရ အရင်းအမြစ် အရ ကူညီပံ့ပိုးပေးနေသည့် အဖွဲ့အစည်းများတွင် တာဝန်ရှိပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ Guest Speaker များအနေဖြင့်လည်း ဖိုဝါဒကြီးစိုးမှုကို ငြင်းဆန်ရန် အားလုံး၌ တာဝန်ရှိသည်ဟု ၎င်းက ဆက် ပြောသည်။

ဓာတ်ပုံပြပွဲတွင် ပင်မမီဒီယာနှင့် ဒေသခံမီဒီယာ ပလက်ဖောင်းများပေါ်တွင် ပြုလုပ်နေသည့် ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများကို အဓိက ထောက်ပြထားသည်။

ဒုတိယအကြိမ် ပြုလုပ်သည့် ပြပွဲပိုစတာနှင့် ပတ်သက်၍ လူမှုကွန်ယက်ပေါ် စတင်ထုတ်ပြန်ချိန်က ဝေဖန်အကြံ ပေးမှုများ၊ ခြိမ်းခြောက်စိန်ခေါ်မှုများနှင့်အတူ မေးခွန်းပေါင်း မြောက်များစွာကို ကြုံခဲ့ရကြောင်း ဆိုသည်။

သံလွင်ပြည်သူ့မူဝါဒ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ယိင်းလောဝ်က “ဒီပြပွဲမှာ သုံးတဲ့ ပိုစတာတွေဆို တာက တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး ဖေ့စ်ဘွတ်တခွင်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပြီးတော့မှ ရောက်လာတဲ့ပုံ တွေ ဖြစ်တယ်။ ဒီဟာက ခွင့်ပြုချက်ယူဖို့ မလိုဘူးလို့ ယူဆတယ်။ အဲ့ဒါကြောင့် ခွင့်ပြုချက် မတောင်းထားပါဘူး။ မတောင်းတဲ့အတွက်လဲ ကျင့်ဝတ်ကို ထိခိုက်တယ်လို့လဲ မယူဆပါဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြပွဲပိုစတာတွင် ပါဝင်သည့် ဦးဆောင်ဆွေးနွေးသူများ၏ ဓာတ်ပုံနှင့်ပတ်သက်ပြီး ၎င်းတို့သည် နွေဦးတော်လှန် ရေး၌ ကဏ္ဍအသီးသီးမှာ ဦးဆောင်နေသူတွေ ဖြစ်သည့်အလျောက် ထောက်ပြဝေဖန်ရန် ဓာတ်ပုံခွင့်ပြုချက်ယူဖို့ မလိုအပ်ဘဲ အများပြည်သူသို့ ပြသထားသည့် အမျိုးသားသီးသန့် ဆွေးနွေးသော စကားဝိုင်းများရဲ့ ပိုစတာကနေ ယူသုံးထားတာကြောင့် ကျင့်ဝတ်နှင့် မည်သို့မျှ ထိခိုက်မှုမရှိဟု ယိင်းလောဝ်က ဆက်ပြောသည်။

“ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တိုင်းမှာ အမျိုးသမီးတွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်မှုပေါ့နော်၊ ပိုစတာမှာ ပါတဲ့အနီရောင်အစက်တွေက အဲ့ဒါကိုပြောတာ။ Where are the Women? အမျိုးသမီးတွေ ဘယ်မှာလဲ ဆိုတဲ့ မေးခွန်းကို ထုတ်ချင်တာ၊ အဲ့ဒါကို ထုနဲ့ထည်နဲ့ ပြချင်တာ” ဟု ယိင်းလောဝ်က ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ သံလွင်ပြည်သူ့မူဝါဒ လေ့လာရေးအဖွဲ့နှင့် SEA-Junction အဖွဲ့ ၃ ဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ယခု ဓာတ်ပုံပြပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘန်ကောက်အနုပညာနှင့် ယဉ်ကျေးမှု စင်တာ (BACC) စတုတ္ထထပ်တွင် အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြသထားမည် ဖြစ်သည်။

Most read this week

October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...
October 23, 2024
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့်...
October 21, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ...