ကိုးကန့် နှင့် 'ဝ' ဒေသ တရုတ်ရာဇာဝတ်ဂိုဏ်းတို့၏ ညှဉ်းပန်းနှိပ်စက်၊ လိင်ကျွန်ပြုခံရပြီး သေဆုံးသူရှိ

ကိုးကန့် နှင့် 'ဝ' ဒေသ တရုတ်ရာဇာဝတ်ဂိုဏ်းတို့၏ ညှဉ်းပန်းနှိပ်စက်၊ လိင်ကျွန်ပြုခံရပြီး သေဆုံးသူရှိ

သျှမ်းပြည် ကိုးကန့် နှင့် 'ဝ' ဒေသတွင် ငွေလိမ်လုပ်ငန်း၊ လောင်းကစား နှင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများကို လုပ်ကိုင်နေသော တရုတ်ရာဇာဝတ်လူမိုက်ဂိုဏ်းသားတို့၏ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသည်အထိ ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ထံမှ သိရသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ၏ အောက်တိုဘာလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် “ငရဲတွင်း၌ ပိတ်မိခြင်း” ဆိုသော အစီရင်ခံစာတွင် ရေးသားထားသည်။

ထိုအစီရင်ခံစာတွင် အထက်တန်းကျောင်းသူ၊ CDM  တက္ကသိုလ်ကျောင်းသား နှင့် CDM သူနာပြုဆရာမတို့ကို တွေ့ဆုံမေးမြန်းထားကြောင်း သိရသည်။

“ကျမတို့ အင်တာဗျူးကတော့ ရုန်းကန်ပြီးတော့ ပြန်လည်လွတ်မြောက်လာလူတွေ၊ နောက်ပြီးတော့ အဲ့မှာလက် ရှိ နေ နေတဲ့ လူရော၊ ကျမတို့ ဒီမှာပြန်ရောက်လာတဲ့ လူတွေရော စုစုပေါင်း ၁၂ ယောက်ရဲ့ အင်တာဗျူးတွေကို အခြေခံထားပါတယ်ရှင်” ဟု SHRFမှ ပြောရေးဆိုခွင့်ရှိသူ  ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သျှမ်းပြည် ကိုးကန့်ဒေသ လောက်ကိုင်မြို့ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းတွင် ငွေစာရင်းကိုင်အနေဖြင့် အလုပ် လုပ်ခဲ့သည့် ‘နုနု’ သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် မိမိကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးခဲ့သည့် အကြောင်းကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသား ကုမ္ပဏီတာဝန်ခံတစ်ဦးက ‘နုနု’ ကို တရုတ်ယွမ်ငွေ ၆ သောင်း ခိုးယူထားသည်ဟု စွပ်စွဲပြီး သူမ ကို ခြိမ်းခြောက်ကာ ဖူလီလိုက်ဟိုတယ်သို့ ခေါ်သွားပြီး သူဌေးနှင့် အပေါင်းအပါတို့က  အဓမ္မပြုကျင့်မှုကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်သည်အထိ ဖြစ်ခဲ့သည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

“ညီမလေး ပြန်ရောက်လာတော့ ဒဏ်ရာတွေနဲ့ တစ်ချိန်လုံး ငိုတယ်၊ ဘာဖြစ်တာလဲပေါ့၊ ချော့မေးတော့မှ ဟိုတယ်လ်ခန်းမှာ သူဌေးက သူ့အပေါင်းအပါ ယောက်ကျားလေး ၃ ယောက်နဲ့ အတူတူ အဓမ္မပြုကျင့်တယ်” ဟု ‘နုနု’ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို အစ်မဖြစ်သူ စိန်စိန်က ပြောပြထားသည်။

၂၀၂၁ နိုဝင်ဘာလ ၁၃ ရက် ညနေအချိန်ခန့်က စိန်စိန် ရေချိုးခန်း၌ ရှိနေစဉ် နုနုသည် လေးလွှာရှိ ပြတင်းပေါက်မှ အောက်သို့ခုန်ချပြီး သေဆုံးသွားခဲ့သည်။

ထို့အပြင် အထက်တန်းကျောင်းသူ ဂျာပန်း နှင့် CDM သူနာပြုဆရာမတို့လည်း တရုတ်လူမိုက်ဂိုဏ်းတို့၏ ရိုက် နှက်ခြင်း၊ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရသည်။

ဂျာပန်းသည် အထက်တန်း ကျောင်းသူတစ်ဦးဖြစ်ပြီး အွန်လိုင်းကာစီနိုရုံတွင် အလုပ်လုပ်ရမည့် အထင်နှင့် မိုင်း ပေါက်မြို့သို့ ရောက်သွားသော်လည်း တရုတ်ပိုင် အွန်လိုင်းလိင်ဖျော်ဖြေရေး လုပ်ငန်းတွင် ယွမ်ငွေ ၂ သောင်း ဖြင့် ရောင်းစားခံခဲ့ရကြောင်း ‘ငရဲတွင်း၌ ပိတ်မိခြင်း’ အစီရင်ခံစာတွင် ရေးသားထားသည်။

ဂျာပန်းသည် မိုင်းပေါက်ရှိ တရုတ်ပိုင် အွန်လိုင်းလိင်ဖျော်ဖြေရေးလုပ်ငန်းသို့ ရောင်းစားခံရပြီး ရက်သတ္တပတ် အကြာ၌ ဝတ်လစ်စလစ်ပုံများ၊ လိင်ဆက်ဆံသော ဗီဒီယိုများကို အတင်းအကျပ် ရိုက်ကူးခိုင်းစေသော်လည်း သူမက ငြင်းဆိုခဲ့သဖြင့် ၎င်းတို့က ဖမ်းဆီးရိုက်နှက်မှုများ၊ အိပ်ရာပေါ်တွင် ကြိုးတုပ်နှောင်ခြင်းများကို ပြုလုပ်ခဲ့ သည်။

ဆက်လက်ပြီး CDM သူနာပြုဆရာမ နွယ်နွယ် သည် ပန်ဆန်းမြို့တွင် အလုပ်လုပ်ကိုင်နေသော အသိမိတ်ဆွေမှ တဆင့် တရုတ်နိုင်ငံသားပိုင် အွန်လိုင်းငွေလိမ်သည့် လုပ်ငန်းတွင် ရောင်းစားခံခဲ့ရသည်။

သူမသည် ရောင်းစားခံရပြီးနောက် တရုတ်နိုင်ငံသားများက လိင်ဖျော်ဖြေရန် ပြောဆိုသဖြင့် သူမက ငြင်းဆိုခဲ့ သည်။ ထို့နောက် သူမကို ညစဉ်ညတိုင်း အမျိုးသားနှစ်ယောက်မှ လေးယောက်ထိ နေ့တိုင်းဆက်တိုက် အဓမ္မပြု ကျင့်ခဲ့သည်။

နွယ်နွယ်သည် ယခုတွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာပြီး လက်ရှိမှာ စိတ်ဒဏ်ရာတွေ ခံစားနေရသည်။

“နွယ်နွယ်အတွက်တော့ ကျမတို့ အဓိကကျတော့ Counseling Services တွေနဲ့ ချိတ်ဆက်ပေးပြီး  စိတ်ဒဏ်ရာ ကုပေးတာမျိုးတွေ လုပ်ခဲ့ပါတယ်” ဟု SHRF က ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့် နှင့် “ဝ” ဒေသတွင် ညှဉ်းပန်းနှိပ်စက်မှု နှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများမှ လွတ်မြောက်လာသူများ လည်း ယခုအချိန်အထိ တရားမျှတမှုများ မရရှိသေးပေ။

လက်ရှိ ကျူးလွန်သော အမှုများသည် တရုတ်ရာဇာဝတ်ဂိုဏ်းများနှင့် ဒေသအာဏာပိုင်များ ပူးပေါင်းကြံစည် လုပ်ကိုင်နေပြီး “ဝ” ဒေသရှိ တစ်ခုတည်းသော မြန်မာ့ဆက်သွယ်ရေး ကွန်ယက်ဖြစ်သည့် မြန်မာစစ်တပ်ပိုင် Mytel ကွန်ယက်ကို အသုံးပြုနေကြပြီး ဗီယက်နမ်အစိုးရပိုင် Viettel ဆက်သွယ်ရေး ကုမ္ပဏီတို့နှင့်လည်း ဖက်စပ်စီးပွားဘက် ဖြစ်ကြောင်း SHRF ၏ အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။

ကိုးကန့် နှင့် ‘ဝ’ ဒေသအာဏာပိုင်များအား ၎င်းတို့ထိန်းချုပ်ရာ ဒေသများရှိ ရာဇဝတ်ဂိုဏ်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုပြုခြင်း၊ အကာအကွယ်ပေးခြင်းများ မပြုလုပ်ရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့  SHRF က တိုက် တွန်းထားသည်။

တရုတ်အစိုးရအနေဖြင့် အွန်လိုင်းငွေလိမ်လည်မှုများအား အပြင်းအထန် တိုက်ဖျက်လျက်ရှိရာ UWSA ထိန်းချုပ် နယ်မြေအတွင်း ဖမ်းဆီးမှုများလည်း ပြုလုပ်နေပြီး UWSA ဘက်မှလည်း အွန်လိုင်းငွေကြေး လိမ်လည်မှု လုပ် ငန်းနှင့် ဆက်နွယ်သူ ထောင်နှင့်ချီကို တရုတ်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

အောက်တိုဘာလ ၁၆ ရက်နေ့က တရုတ်နိုင်ငံအစိုးရ ပြည်သူ့လုံခြုံရေးဌာန ထုတ်ပြန်ချက်အရ အွန်လိုင်း ငွေလိမ် ဂိုဏ်းများနှင့် ဆက်စပ်သူ တရုတ်လူမျိုး ၂၃၄၉ ဦးကို ထပ်မံ လွှဲပြောင်းရယူခဲ့ကြောင်း၊ ယခုအခါ ဖမ်းမိသူ ၄၆၆၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

Most read this week

October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...
October 23, 2024
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့်...
October 21, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ...