ညောင်လေးပင်ခရိုင်၊ မြို့နယ်နှစ်ခုတွင် စစ်ကောင်စီတပ် အင်အားတိုးချဲ့လာ၍ စစ်ရေးတင်းမာနေ

ညောင်လေးပင်ခရိုင်၊ မြို့နယ်နှစ်ခုတွင် စစ်ကောင်စီတပ် အင်အားတိုးချဲ့လာ၍ စစ်ရေးတင်းမာနေ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေး ပင်ခရိုင် ဆောထိ(ရွှေကျင်) မြို့နယ်နှင့် ကျောက်တံခါးမြို့နယ်ဘက်တို့တွင် စစ်ကောင်စီက တပ်အင်အားတိုးချဲ့လှုပ်ရှားလာ၍ စစ်ရေး တင်းမာ နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

အောက်တိုဘာလ ၁၇ ရက်နေ့က ပိန်းဇလုပ်နှင့် တော်ဝီကျေးရွာ အကြားရှိ ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရပြီးနောက်မှ စ၍ စစ်ကောင်စီက ဆောထိမြို့နယ်၊ ပိန်းဇလုပ်မြို့နှင့် ကျောက်တံခါးမြို့နယ်၊ မျက်ရဲနှင့် နံဇကျေးရွာများဘက်တွင် တပ်အင်အားများ ဖြည့်တင်းလာခြင်းဖြစ်ကြောင်း ဒေသခံ အမျိုးသမီးက ပြောသည်။

၎င်းအမျိုးသမီးက “မျက်ရဲရွာဘက်မှာ ဒီမနက်ပဲရောက်လာတာ စစ်တပ်အင်အား ရာဂဏန်းလောက်ရှိတယ်။ လက်နက်ကြီးကလည်း ဒီနေ့အထိက ပတ်ပတ်လည်ကနေ ထုနေတာပဲ။ ခုလည်း အဲဒီဘက်မှာရှိနေတဲ့ KNU ပူးပေါင်းအဖွဲ့နဲ့တိုက်ပွဲဖြစ်ဖို့ များနေတယ်။ အဓိက စစ်တပ်က နေရာမသိတော့ ရမ်းသမ်းပြီး ထုတယ်။ သတင်း ထုတ်တဲ့ အချိန်မှ ပြည်သူထိလားရဲဘော်ထိလားဆိုတာကို စောင့်မယ်။ ပြီးရင်မှန်းချမယ့် သဘော” ဟု ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။

ပိန်းဇလုပ်နှင့် အနီးတစ်ဝိုက်တွင်လည်း ရထားလမ်း ပျက်စီးသွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်က တပ်အင်အား များ အပါအဝင် စစ်သုံးယာဥ်များပါ ဖြည့်တင်းထားကြောင်း မြေပြင်သတင်းအရင်းအမြစ်များ၏ ပြောဆိုချက် များအရ သိရသည်။

ထို့အတူ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု အများအပြားခံရသောကြောင့် ပိန်းဇလုပ်ရွာမဘက်မှ ပိန်း ဇလုပ်မြို့ပေါ်သို့ ရွှေ့ပြောင်းနေထိုင်ရသူအများစုမှာ စပါးရိတ်သိမ်းချိန်သာ နေအိမ်ပြန်လုပ်ကိုင်ကြရသလို မြို့ အတွင်း အဝင်အထွက်ကို ထောက်ခံစာပါမှသွားလာရသည်အထိ သွားလာရေးအခက်အခဲရှိနေသည်ဟု ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။

၎င်းက “အဲ့ဘက်ကရွာတွေမှာ လူတောင်သိပ်မရှိတော့ဘူး။ ပိန်းဇလုပ်မြို့ပေါ်မှာပဲ သွားနေကြတာများတယ်။ လယ်လုပ်တဲ့သူများတော့ စပါးရိတ်တဲ့ရာသီ ရွာပြန်ကြရဦးမယ်။ ညကျရင်မြို့ပြန်တက်အိပ်ပေါ့။ မြို့ပေါ်က စစ်တပ်ထိုင်တဲ့ နေရာဆိုတော့ လက်နက်ကြီး အန္တရာယ်ကင်းတယ်လေ။ ရွာမဘက်က လက်တစ်ကမ်းတင်ဆို တော့ ပိုခံရတယ်။ အဲဒါကြောင့်လူသိပ်မနေကြတော့တာ။ မြို့ထဲလည်း လူစိမ်းသွားလို့မလွယ်ပါဘူး။ ဒေသခံ တောင် အုပ်ချုပ်ရေးမှူး ထောက်ခံစာနဲ့မှ သွားလို့လာလို့ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အောက်တိုဘာလ(၁၆)ရက်နေ့ကလည်း ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းနှင့် တော်ဝီကျေးရွာ၊ ရေ ကြည်ချောင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများပစ်ခတ်ခဲ့သဖြင့် ချုံအင်းကျေးရွာနေ ဒေသခံ ၃ ဦးနှင့် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ထိုနေ့တွင်ပင် ပိန်းဇလုပ်တပ်နှင့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၂၀) တို့မှ ရွာသာရွာနှင့် ပျင်ရေကြီး ကျေး ရွာများအတွင်းသို့ လည်းကောင်း၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပိန်းဇလုပ်တပ်မှ ခရုကုန်းလယ်ကွင်း၊ ရေ တွင်းကုန်းနှင့် တောင်ခင်းကျေးရွာများ အတွင်းသို့လည်းကောင်း လက်နက်ကြီးများ ထပ်မံပစ်ခတ်ခဲ့ရာ ဒေသခံ များ၏ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့သေးကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်က လုံခြုံရေးချထားသည့်ကြားမှ အောက်တိုဘာလ ၁၇ ရက်နေ့တွင် မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသော အဆိုပါ ရန်ကုန်-မန္တလေး အစုန်အဆန်ရထားလမ်းပျက်စီးပြီးနောက် ဖြတ်သန်း သွားလာရမည့်ခရီးစဥ်များ ရပ် နားခဲ့ရကြောင်းလည်း မြန်မာ့မီးရထား၏ တာဝန်ရှိသူများက ပြောဆိုထားသည်။

October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...