ရွှေကုက္ကိုလ်တွင် နာမည်ထွက် အွန်လိုင်းလူလိမ်လုပ်ကိုင်သူ ၅၀ ကို ရှမ်းပြည်နယ်ဘက် ပြောင်းရွှေ့ခံရ

ရွှေကုက္ကိုလ်တွင် နာမည်ထွက် အွန်လိုင်းလူလိမ်လုပ်ကိုင်သူ ၅၀ ကို ရှမ်းပြည်နယ်ဘက် ပြောင်းရွှေ့ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် အွန်လိုင်းလူလိမ်လုပ်ငန်း လုပ်ကိုင်နေသူများ ထဲမှ နာမည်ထွက်ထားသူ အယောက် ၅၀ ဦးကို ရှမ်းပြည်နယ်ဘက်သို့ ပြောင်းရွှေ့လိုက်ကြောင်း အမည်မဖော်လို သူ အွန်လိုင်း လူလိမ်လုပ်ငန်းနှင့် နီးစပ်သူများက ပြောသည်။

အွန်လိုင်းလူလိမ်လုပ်ငန်း၊ ကာစီနိုလုပ်ငန်းများတွင် လုပ်ကိုင်ကြသူများမှ နိုင်ငံအသီးသီးက နိုင်ငံခြားသားများကို လူလိမ်ခေါ်ရာတွင် အမည်စာရင်းထွက်နေခြင်း၊ အမှုတစ်ခုခုဖြစ်ထားခြင်း နှင့် ၎င်းလုပ်ငန်းတွင် နာမည်ကြီးနေသည့် ခေါင်းဆောင်ပိုင်းများကို မြန်မာ−တရုတ်နယ်စပ် ရှမ်းပြည်နယ် လောက်ကိုင်နှင့် မူဆယ်မြို့ဘက်ခြမ်းသို့ လူအပြောင်းအလဲလုပ်ကာ နေရာအပြောင်းအလဲ လုပ်လိုက်သည်ဟု အမည်မဖော်လိုသူ အွန်လိုင်းလူလိမ် လုပ် ငန်း နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “လောက်ကိုင်ဘက်နဲ့ မူဆယ်ဘက်ကို အွန်လိုင်းလူခေါ်လုပ်တဲ့သူ ၅၀ လောက်ရွှေ့လိုက်တယ်။ သူတို့ က ဘာဖြစ်လို့လဲဆိုတော့ လိမ်တဲ့နေရာမှာ အမှုဖြစ်ထားတဲ့လူတွေ နိုင်ငံခြားသားတွေက သိပြီးလိုက်စုံစမ်းတဲ့ နာမည် ကြီးနေတဲ့ အကြီးပိုင်းတွေကိုရွေးပြီး နေရာရွှေ့တာပဲ။ ဟိုကလူကို ဒီကိုရွှေ့၊ ဒီကလူက ဟိုဘက်သွား အဲ့လိုလူတွေ အကုန်နေရာချိန်းတဲ့ပုံစံပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းလူလိမ်ငွေကြေးကာစီနိုလုပ်ငန်းများတွင် လုပ်ကိုင်နေသူများသည် နိုင်ငံ အသီးသီးရှိ နိုင်ငံခြားသားများထံမှ အကြောင်းအမျိုးမျိုးပြ၍ မြူစွယ်ပြီး ငွေကြေးလိမ်လည်ရယူခြင်းမျိုးဖြစ်ပြီး လတ်တလောတွင် အမျိုးသားများထက် အမျိုးသမီးဝန်ထမ်းများကိုသာ ပိုမိုအလုပ်ခန့်လာကြကြောင်း အွန်လိုင်း လူလိမ်ရသည့် အလုပ်ကိုလုပ်ကိုင်သူတစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။

“အရင်ကဆိုလူခေါ်ရင် ချဉ်းကပ်ရတာလွယ်တယ်။ အခုကလူတစ်ယောက်ကိုစကားပြောရင် မယုံကြတော့ဘူး။ မိန်ကလေးတွေက လူပိုခေါ်လို့ကောင်းကြတယ်။ အဲ့ဒါကြောင့် အခုဆိုရင် မိန်းကလေးပဲအလုပ်ခန့်တာများတယ်။ လူလိမ်တဲ့ App တွေလည်းဝယ်သုံးလို့မရတော့ဘူး။ လုပ်ရတာက လူတွေကိုဂိမ်းကစားချင် ဒီမှာလာချင်အောင် ပြောပြီးရင် ဒီမှာအလုပ်လုပ်ချင်ပြီးဆိုရင် ငွေကြိုလွှဲခိုင်းတယ်။ ငွေရတာနဲ့အဲ့လူကို အဆက်အသွယ်ဖြတ်ပြီးရင် Block လိုက်ရင်ရပြီး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ အနယ်နယ်အရပ်ရပ်မှလာရောက်ပြီး ရွှေကုက္ကိုလ်ဒေသရှိ ကာစီနိုလောင်ကစားရုံများတွင် အလုပ် လုပ် ကိုင်ကြမည့်သူများကို လူခေါ်ပေးသည့်ပွဲစားများနှင့် HR များက လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ အလုပ်အကိုင် ရှာဖွေသည့် Group (အုပ်စု) များတွင် ပညာအရည်အချင်း၊ ကွန်ပျူတာကျွမ်းကျင်မှု၊ အင်္ဂလိပ်စကား နှင့် တရုတ် စကား စသည့် အပိုင်းများကို ရေးသား၍ ဖုန်းနံပါတ်များချထားပေးကာ လူခေါ်လျက်ရှိသည်။

အလားတူ ထိုင်း−မြန်မာနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းကာစီနိုရုံများ အများဆုံးရှိသည့် ရွှေကုက္ကိုလ် နှင့် အင် ကြင်းမြိုင်စသည့် နေရာများကို ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့မှစ၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ လျှပ်စစ်ဓာတ်အား ဖြတ် တောက်လိုက်ခြင်းကြောင့် ၎င်းဒေသတွင် အလုပ်အကိုင်ရှားပါးမှုများရှိလာပြီး လုပ်ငန်းအချို့လည်း ရပ်တန့် နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်လအတွင်း ရှမ်းပြည်နယ် ကိုးကန့်၊ ဝအုပ်ချုပ်နယ်မြေအတွင်းရှိ အွန်လိုင်းလူလိမ်လုပ်ငန်း လုပ်ဆောင် သည့် ၎င်းတို့ နိုင်ငံသားများကို တရုတ်အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လတ်တလောတွင်လည်း ၎င်း လုပ်ငန်းများတွင် ပါဝင်ဆက်စပ်နေသူ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)မှ ထိပ်ပိုင်းအရာရှိ နှစ်ဦးကိုလည်း တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားသည်။

အဆိုပါ ဖမ်းဆီးမှုသတင်းများကြောင့် စက်တင်ဘာလကုန်ပိုင်းမှစ၍ ရွှေကုက္ကိုလ်ဒေသရှိ တရုတ်ဆိုက်တွင် လုပ် ကိုင်နေကြသော အွန်လိုင်းလူလိမ်လုပ်ငန်း၊ လူခေါ်လုပ်ငန်းများကို စစ်ဆေးမည့်သတင်းများ ထွက်ပေါ်လာ သည့် အတွက် အလုပ်လုပ်ကိုင်သူ လူငယ်အချို့ နေရပ်ပြန်သွားကြသည်။

Most read this week

October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...