ညောင်လေးပင်တွင် လက်နက်ကြီးကြောင့် မိန်းကလေး ၁ ဦးသေ/ကလေးအပါအဝင် ၈ဦး ဒဏ်ရာရ

ညောင်လေးပင်တွင် လက်နက်ကြီးကြောင့် မိန်းကလေး ၁ ဦးသေ/ကလေးအပါအဝင် ၈ဦး ဒဏ်ရာရ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု ကြောင့် အသက် (၁၄) နှစ် အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကာ အသက် (၂) နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် (၈)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ (၁၀)ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးမှုများအပြင် ယနေ့အချိန်ထိ လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၄၃၉ မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖြူးမြို့နယ်၊ ကျော်လှကျေးရွာနေ မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ -၂၆၄၊ ရွှေဝါအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၃၀၇ တို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျောက်ကြီးမြို့နယ် ရွာကန့်လန့်ကျေးရွာ၊ မုန်းမြို့နယ် သနပ်ကွင်းကျေးရွာနှင့် ဖြူးမြို့နယ် နန္ဒမိတ်ကျေးရွာတို့မှ အသက် (၂) နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် ဒေသခ ံ(၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ကလည်း အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှုများ နောက်ပိုင်းတွင်လည်း စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက် လုပ် ဆောင်နေသဖြင့် ဒေသခံအများစုမှာ နေရပ်စွန့်ခွာ ထွက်ပြေးရပြီး အချို့မှာ နေစရာနေရာ မရှိသဖြင့် မိမိတို့ ရပ် ရွာတွင် စိုးရိမ်ထိတ်လန့်စွာ ဆက်လက်နေထိုင်ရသည်ဟု ကျောက်ကြီးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြော သည်။

“ရှောင်တဲ့သူကရှောင်တာပဲ အမျိုးတွေ၊ ဘာတွေတဖက်ကမ်းမှာရှိတဲ့သူကတော့ သွားနေကြတာပေါ့ သွားဖို့လာဖို့ အဆင်မပြေတဲ့ သူကတော့ ရွာထဲကျန်နေခဲ့တယ်။ ဘယ်လိုပဲရင်ဆိုင်ရ၊ ရင်ဆိုင်ရ ဘယ်သူက အကြာကြီး နှစ် ပေါက်အောင် ပြေးနေနိုင်မလဲ။ လက်နက်ကြီးပစ်တာနဲ့ အသားကျသလိုတောင် ဖြစ်နေပြီ တိုက်ပွဲဖြစ်တယ်ဆို လည်း ပုန်းကျင်းတွေထဲ ဝင်နေလို့ရသေးတယ်။ အခုက အချိန်မရွေးပစ်နေတော့လေ ညတုန်းကလည်း ပစ်ချတာ ပဲ။ စစ်တောင်းမြစ် အနောက်ဖက်ကမ်းကရွာတွေဘက်ပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကေအဲန်ယူထိန်းချုပ်မှု အားကောင်းသည့် ညောင်လေးပင်ခရိုင် အတွင်းရှိ ကျေးရွာများ မှ ဒေသခံများ အား အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီ တပ်ဂိတ်စခန်းများကို ဖြတ်သန်း သွားလာပါကလည်း စစ်ဆေး မေးမြန်း၍ ဖမ်းဆီးခံရနေပြီး ငွေကြေးဖြင့် ပြန်လည်ရွေးယူခိုင်းသည့် ဖြစ်စဥ်အများအပြားရှိလာကြောင်း မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

ဒေသခံတစ်ဦးက “ရွာသားတွေ ဈေးသွားဝယ်တာ ဘာညာဆိုရင် ဘယ်ရွာကလဲမေး ကေအဲန်ယူ အားကောင်းတဲ့ ဘက်က ရွာတွေက လာတယ်ဆိုတာနဲ့ ဆွဲစိခံရတယ်။ သူတို့ (စစ်တပ်)အတွက် ဘာသတင်းမှ မရနိုင်ဘူးဆိုရင် မိသားစုဆီကို အကြောင်းကြားပြီး ပိုက်ဆံနဲ့ ပြန်လာရွေးခိုင်းတယ်။ မဟုတ်ရင် အထဲမှာထည့်ထားတယ်။ သူတို့မှာ အရင်းနဲ့အမြတ်ပဲ ရှိတယ်” ဟု ပြောသည်။

အောက်တိုဘာလ (၉) ရက်နေ့ကလည်း ကျောက်တံခါးမြို့နယ်သို့ ဈေးသွားဝယ်သည့် ကျောက်ကြီးမြို့နယ် နတ်တလင်းကျေးရွာနေ ဒေသခံအမျိုးသမီး (၂) ဦးမှာ စစ်ကောင်စီ၏ ဖမ်းဆီး အကျဥ်းချထားခြင်းခံခဲ့ရကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ညောင်လေးပင်ခရိုင်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှု အများအပြားရှိခဲ့ပြီး အောက်တိုဘာ လဆန်းပိုင်းတွင် အနည်းငယ် တည်ငြိမ်မှုရှိခဲ့သော်လည်း ယခု ရက်ပိုင်းမှစ၍ လက်နက်ကြီး ပစ်ခတ်မှုများ တကျော့ပြန် များပြားလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆို ကြသည်။

အာဏာသိမ်းမှု (၃) နှစ်နီးပါးကာလအတွင်း ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းမှ တိုက်ခိုက်မှု အကြိမ်ရေ (၃၀၀) နီးပါးရှိခဲ့သလို ထိခိုက်သေဆုံးရသော အရပ်သားဦးရေ (၁၅၀) ထက် မနည်းရှိနေပြီး စစ်ဘေးရှောင် ပြည်သူဦးရေ (၂) သိန်းကျော်ရှိ လာကြောင်း ကရင်ငြိမ်းချမ်းရေး အထောက် အကူပြု ကွန်ရက် - KPSN ၏ ယခုနှစ် ဇူလိုင်လအထိ ကောက်ခံထားသည့် စာရင်းများအရ သိရသည်။

October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...