ဝေါမြို့နယ်တွင် စစ်သင်တန်းဆင်း ပျူစောထီးများ လက်နက်ကိုင်ကာ ကင်းစောင့်နေ

ဝေါမြို့နယ်တွင် စစ်သင်တန်းဆင်း ပျူစောထီးများ လက်နက်ကိုင်ကာ ကင်းစောင့်နေ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာတွင် စစ်ကောင်စီပို့ချသည့် ပြည်သူ့ စစ်သင်တန်းဆင်းလာသော ပျူစောထီးများအား လက်နက်တပ်ဆင်ပေးကာ ကင်း စောင့်ခိုင်းနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ် များက ပြောသည်။

ပြီးခဲ့သည့်လပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် စစ်ကောင်စီဘက်က ကျေးရွာအုပ်ချုပ်ရေးမှူး များမှ တဆင့် တစ်ရွာလျှင်အမျိုးသား(၁၅)ဦးစီ တောင်းခံကာ စစ်သင်တန်းတက်ရန် ညွှန်ကြားလုပ်ဆောင်လျက် ရှိသလို သင်တန်းဆင်းလာသော ပျူစောထီးအဖွဲ့ဝင်များအား လက်နက်တပ်ဆင်ပေးကာ ကင်းစောင့်ခိုင်းခြင်းဖြစ် ကြောင်း ရွာခံများနှင့်နီးစပ်သူများက ပြောဆိုကြသည်။

“တစ်ရွာကို လူ ၁၅ ယောက် တောင်းတယ်။ မပေးနိုင်တဲ့ရွာလည်းတော်တော်များတယ်။ အခုက ညဘက် တစ်ရွာ ကို ၁၀ ယောက် ပေါ်တာဝင်စွဲမယ်ဆိုပြီး သတင်းပြန့်နေတာလည်း ကြားတယ်။ လက်ပံမှာဆိုရင် စစ်တပ်က လက်နက်ကြီး အထိုင်လာချ ထားတာ။ အဲဒီရွာကပေးလိုက်ရတဲ့ ပျူစောထီး ၁၅ ယောက်က သင်တန်းဆင်း လာ ပြီး စခန်းချတဲ့ဆီမှာ ပြန်ဝန်းရံပေးရတာ ကင်းစောင့်ပေါ့။ သူတို့ကို လက်နက်လည်းပေး ထားတယ်” ဟု အမည် မဖော်လိုသူ ဝေါမြို့ခံတစ်ဦးက ပြောသည်။

ထို့အတူ မြစ်ကျိုးရွာဘက်တွင်လည်း ပြီးခဲ့သည့် လပိုင်းများက စစ်သင်တန်းနှင့် လက်နက် တပ်ဆင်ပေးခြင်း မရှိ သော ဒေသခံများအား လူသားဒိုင်းအနေဖြင့် ရွာရှိတပ် စခန်းများတွင် ကင်းစောင့်စေခြင်း၊ ကင်းမစောင့်နိုင်သူ များအား ကျပ်ငွေတစ် သောင်းခွဲ တောင်းခံခြင်းတို့ကိုပါ စစ်ကောင်စီဘက်က လုပ်ဆောင်နေလျက်ရှိသည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

လက်ရှိ ဝေါမြို့နယ်အတွင်းရှိ လူမပေးနိုင်သော ရွာများအနေဖြင့် စစ်ကောင်စီဘက်က တုန့်ပြန်မှု တစ်စုံတစ်ရာ မရှိသေးသော်လည်း စစ်သင်တန်းတက်၍ ပျူစောထီး လုပ်ရန် စိုးရိမ်ကြောက်လန့်နေကြရကြောင်း ဒေသခံများ က ပြောသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “လူမပေးနိုင်တဲ့ရွာတွေကတော့ ကြောက်ကြောက် လန့်လန့်နဲ့ပဲ။ အရင်ကတည်းက ရွာတွေမှာ ပျူစောထီးတွေ ဖွဲ့ထားတာရှိတယ် ။ အဲဒီ တုန်းကတော့ ပျူစောထီးခေါင်းဆောင်လောက်ပဲ လက်နက် ဆင်ပေးတာ အခုကတော့ အဖွဲ့ဝင်အဆင့်ပါ လက်နက်ကိုင်နေပြီ။ လက်နက်မရှိ ပျူစောထီး သင်တန်း တက် မထားတဲ့ မြစ်ကျိုးဘက်က အရပ်သားတွေဆို ကင်းမစောင့်နိုင်ရင် တစ်သောင်းခွဲပေးရတယ်၊ ပိုက်ဆံမပေးနိုင်ရင် ကင်းစောင့်ပဲ။” ဟု ပြောသည်။

အလားတူ အုတ်ဖိုကျေးရွာအုပ်စုတွင်လည်း အုတ်ဖို(၃)ရွာမှ စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာခံ လူငယ် ၃ ဦးအား ၎င်းတို့ဆန္ဒမပါဘဲအတင်းအကြပ် ပြည်သူ့ စစ်သင်တန်းတက်ခိုင်းနေကြောင်း ဒေသခံများ၏ တိုင်ကြားမှုကို အောက်တိုဘာလ ၁၁ ရက်နေ့စွဲဖြင့် ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ထုတ် ပြန်ထားချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူနှင့်ပြည်တပ်နယ်ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ ဝင်များအား စစ်ကောင်စီက စစ်ဝတ်ပစ္စည်းနှင့် ရိက္ခာများ ပေးအပ်ခဲ့သည့် အခမ်းအနား ကျင်းပပြုလုပ်ကာ လက် နက်များ တပ်ဆင်ပေးခဲ့သေးသည်။

စစ်ကောင်စီဘက်က တစ်နိုင်ငံလုံးအနေအထားဖြင့် ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်းလာခြင်းမှာ မြေပြင် စစ်ကြောင်းထိုး ဖောက်နိုင်မှု အားနည်းခြင်းကြောင့်ဖြစ်ပြီး စစ်ကောင်စီသို့ တန်ပြန်ပူးပေါင်း တိုက်ပွဲဖော်ဆောင် လာနိုင်သည့် တော်လှန်ရေးတပ်ဖွဲ့ အင်အား များပြားလာသည့်အပေါ်တွင် ထူးခြားမှုရှိမည်မဟုတ်ကြောင်း KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြီးခဲ့သည့် စက်တင်ဘာလတွင် ကေအိုင်စီသို့ ပြောဆိုထားသည်။

ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တောင်ပိုင်းတိုင်း စစ်ဒေသခွဲတွင်ရှိသော ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူ့စစ်သင်တန်း ဆင်းလာပြီး စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နေသော ပျူစောထီး ခေါင်းဆောင်များသည် မြို့နယ်အလိုက် ဖွဲ့စည်းထားသော ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ မကြာခဏ ပစ်ခတ်ရှင်းလင်းခြင်းခံနေရကြောင်း ဒေသခံများက ပြောသည်။

October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...