တီးတိန်မြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င် ၄ ဦးကို PDF-Zoland ကဖမ်းဆီး

တီးတိန်မြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င် ၄ ဦးကို PDF-Zoland ကဖမ်းဆီး
ပုံစာ - ဖမ်းဆီးရခံသော ရဲတပ်ဖွဲ့၀င် ၄ ဦး
ပုံစာ - ဖမ်းဆီးရခံသော ရဲတပ်ဖွဲ့၀င် ၄ ဦး

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ဒုတပ်ကြပ်တစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးကို အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါရဲတပ်ဖွဲ့၀င် ၄ ဦးသည် တီးတိန် - ရိဒ်လမ်းမပေါ်က ခရီးသွား အရပ်သားပြည်သူများထံ အဆမတန် ငွေကြေးတောင်းခံလေ့ရှိပြီး ပြည်သူများအား ဒုက္ခပေးနေသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု PDF-Zoland တာ၀န်ရှိသူတစ်ဦးကပြောသည်။

"သူတို့က ဒီတီးတိန်မြို့ထဲမှာ ပြည်သူတွေကို အနှောက်အယှက်ပေးတယ် ပြီးရင် ကားသမားတွေကို ငွေကြေးတွေ အဆမတန်တောင်းတယ်ပေါ့နော်။ ခုချိန်မှာ ကုန်ဈေးနှုန်းကလဲ အဆမတန်မြှင့်တက်လာတဲ့အတွက် ပြည်သူတွေ တော်တော်လေးကို အကြပ်အတည်းဖြစ်နေတာ၊ အဲလို ဒုက္ခရောက်‌ေနတာကို လက်ပိုက်မကြည့်နိုင်လို့ ဝင် ရောက် ဖမ်းဆီးတာ ဖြစ်တယ်” ဟု PDF-Zoland မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့သည် တီးတိန်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ရဲများဖြစ်ပြီး တီးတိန်မြို့အနီးတစ်ဝိုက်ရှိ အချို့ ကုန်တင်ကားသမားများထံ သိန်းနှင့်ချီကောက်ခံလေ့ရှိသလို ကားအသွားအလာနည်းသည့် နေ့များတွင်လည်း ခရီးသွားပြည်သူများအား ကြုံရင်ကြုံသလို ရစ်ကာ ငွေကြေးကောက်ခံလေ့ရှိသည်ဟု ဆိုသည်။

ထို့ကြောင့် တီးတိန်-လမ်ဇန်းရွာကြား လမ်းမ‌တစ်နေရာတွင် အလစ်ငိုက် ၀င်ဖမ်းခဲ့ခြင်းဖြစ်သည်ဟု PDF-Zoland တာ၀န်ရှိသူကပြောသည်။

“ကျွန်တော်တို့ အလစ်ငိုက် ဝင်ဖမ်းတာပေါ့နော်။ သူတို့ ကျွန်တော်တို့ရှိမယ်လို့မထင်မဲ့နေရာမှာပေါ့ ကြိုပြီး‌ စောင့်တယ်။ သူတို့ရောက်လာတော့ သေနတ်ချိန်ပြီး ခင်ဗျားတို့ ဘာမှမလုပ်နဲ့၊ ကျွန်တော်တို့ဘာမှ မလုပ်ဘူး၊ ဝပ်နေဝပ်နေဆိုပြီး အဲလို ခေါ်သွားတာ” ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ ရဲဒုတပ်ကြပ် ကျော်သူရစိုး၊ ခုပ်ခန်တုန်း၊ စည်သူမိုးနဲ့ ချမ်းငြိမ်းကျော်တို့ဖြစ်ပြီး ၎င်းတို့ လေး ဦးအား ကောင်းကောင်းမွန်မွန်ပြုစုကာ လုံခြုံသည့်နေရာတွင် ထိန်းသိမ်းထားသည်ဟု ၎င်းက ဆက်ပြောသည်။

“အခု ဖမ်းထားတဲ့ သူတွေကို နွေးနွေးထွေး‌ထွေးပဲထားတယ်။ လက်ဖျားနဲ့တောင် မထိဘူး။ မေးမြန်းစရာတွေ လွတ်လွတ်လပ်လပ်ပဲ မေးတယ်။ သူတို့ကို ကျွန်တော်တို့စားတဲ့ဟာပဲ ကျွေးတယ်။ သူတို့လို ပါးရိုက်တာ ရိုက်တာ နှက်တာ‌တွေ မလုပ်ဘူး။ အခုလည်း လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားပါတယ်” ဟု PDF- Zoland တာဝန်ရှိသူက ပြောသည်။

ထိုသို့ ဖမ်းဆီးခံ လေးဦးအနက် နှစ်ဦးမှာ ဆေးသုံးထားကြောင်းသိရပြီး ၎င်းတို့အား လိုအပ်သလို အရေးယူမှု လုပ်ဆောင်မည်ဟု သိရသော်လည်း မည်ကဲ့သို့ အရေးယူမှု လုပ်ဆောင်သွားမည်ကိုမူ မသိရသေးပေ။

ပုံစာ - ဖမ်းဆီးရခံသော ရဲတပ်ဖွဲ့၀င် ၄ ဦး

Most read this week

October 25, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...