တိုက်ပွဲဖြစ်ပွား၍ ရာနှင့်ချီသော ကော့သောင်းဒေသခံများ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်နေရ

တိုက်ပွဲဖြစ်ပွား၍ ရာနှင့်ချီသော ကော့သောင်းဒေသခံများ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်နေရ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် ခမောက်ကြီးကျေးရွာနှင့် မလီဝမ်းကျေးရွာအနီးတွင် နယ်မြေခံ တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတပ်အကြား ယခုလ ၂၀ ရက်နေ့မှစ၍ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှုကြောင့် ရာနှင့်ချီသည့် ဒေသခံများမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်း နှင့် စစ်ကောင်စီတပ်ဖွဲ့ အကြား ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်သောကြောင့် ဒေသခံရွာသားများအနေဖြင့် ပါချန်မြစ်ကိုဖြတ်ကာ ထိုင်းနိုင်ငံဘက်ခြမ်း၊ ရနောင်းမြို့တွင်းသို့  ယာယီဝင်ရောက် တိမ်းရှောင်နေ ရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များအား ကူညီသူတစ်ဦး က ပြောသည်။

၎င်းက “အခုက ရှောင်နေရတာက အခင်းဖြစ်တဲ့နေရာ တစ်ဝိုက်က သူတွေပဲရှိသေးတယ်။ တစ်ရွာလုံး နီးပါး တော့ မဟုတ်ဘူး။ ရွာနဲ့က ၇ မိုင်လောက်တော့ဝေးတယ်။ ပထမ တစ်ရက်က စစ်ရှောင် ၁၀၀ ပဲ ရှိတယ်။ ဒီနေ့ အထိက ၃၀၀ ထိရှိလာပြီး။ တစ်ရက်ထက်တစ်ရက် စစ်ရှောင်တွေ များလာတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ကော့သောင်းမြို့ပေါ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အကြား စစ်ရေးတင်းမာမှု မရှိသော်လည်း ကျေးရွာများဘက်တွင် မကြာခဏထိတွေ့ တိုက်ပွဲများဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကို မကြာခဏ ပြုလုပ်လေ့ရှိကြောင်းလည်း ကော့သောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ဆိုသည်။

လတ်တလော ထွက်ပြေးနေရသည့် စစ်ရှောင်များတွင် ကလေးငယ်အများစုပါဝင်နေပြီး လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း ရွာသားများမှာ ယနေ့အချိန်ထိ မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်လည် ဝင်ရောက်လာနိုင် ခြင်း မရှိသေးဘဲ ရုတ်တရက် စစ်ဘေးတိမ်းရှောင်လာရသောကြောင့် နေရာထိုင်ခင်း အခက်အခဲများနှင့် အစား အသောက်အကူအညီများ လိုအပ်ချက်များရှိနေကြောင်း နောက်ထပ် စစ်ဘေးရှောင် ကူညီပေးသူတစ်ဦးက ပြော သည်။

“သူတို့က ရုတ်တရက်ပြောင်းလာရတာဆိုတော့ အစားသောက်တွေတော်တော် လိုအပ်နေတယ်။ အခုထိတော့ ပြန်ဝင်လို့မရဲကြသေးဘူး။ စစ်ရှောင်တဲ့အထဲမှာ ကလေးတွေတအားများတယ်။ ပြီးတော့ မိုးရွာရင်လည်း ကာဖို့ အတွက်လိုတယ်။ ရွာမှာက နိုင်ငံရေးအကြောင်း သိပ်မပြောရဲကြဘူး။ ရွာမှာဆိုရင် သားမရလို့ အဖေကို ခေါ်သွားတာတွေလည်းကြုံနေရတယ်။”

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေစဉ်အချိန်အတွင်း စစ်ကောင်စီ တပ် ဘက်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် ခမောက်ကြီး ကျေးရွာရှိ အသက်(၆၀) ကျော်အရွယ် အရပ်သားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသအခေစိုက် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

Most read this week

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...