ပူတာအိုတွင် ဆေးဥရှာရင်း သေဆုံးသူ ဩဂုတ်လတွင် ၉ ဦး ရှိ

ပူတာအိုတွင် ဆေးဥရှာရင်း သေဆုံးသူ ဩဂုတ်လတွင် ၉ ဦး ရှိ

ကချင်ပြည်နယ် မြောက်ဖျားပိုင်း၊ ပူတာအိုခရိုင်တွင် ဩဂုတ်လအတွင်း ရေခဲတောင်ထွက် ဘေချီ ဆေးဥရှာ ဖွေရင်း သေဆုံးသူ ၉ ဦးထိရှိလာကြောင်း ပူတာအိုဒေသခံများက ပြောသည်။

အဆိုပါ ဘေချီဆေးဥသည် ရေခဲတောင်ပေါ်နှင့် ပင်လယ်ရေမျက်နှာပြင် ၆၀၀၀ ကျော်အထက် ကျောက်တောင် များ အကြားတွင် ပေါက်သည့် ဆေးဥတစ်မျိုးဖြစ်ပြီး ခက်ခက်ခဲခဲရှာဖွေကြရသည်။

ပူတာအို ဒေသခံတစ်ဦးက “ဘေချီရှာရင်း မိန်းကလေးတစ်ယောက် ဆုံးသွားတယ်တဲ့။ ပြီးတော့ ဂျူပလီက နှစ် ယောက်က တစ်အိမ်ထဲက နှစ်ယောက်က ပျောက်သွားတယ်တဲ့ ဘေချီရှာရင်း။ ပြီးတော့ နောက် လူငါးယောက် ဆုံးသွားတယ်တဲ့၊ အရင်လွန်ခဲ့တဲ့ တစ်ပတ်ကလည်း တစ်ယောက်ဆုံးသွားတယ် မကြာသေးဘူး။ ရှာတာ နှစ်ပတ် လောက်ပဲ ရှိသေးတယ်။ အခုမှ စရှာနေကြပြီ” ဟု ပြောသည်။

ဘေချီဆေးဥအား ရေခဲများ အရေပျော်ချိန် ဩဂုတ်လမှ စတင်ကာ အောက်တိုဘာလ အထိ နှစ်စဉ် ရှာဖွေကြရ ပြီး ကျောက်ဆောင်ကျောက်ခဲများကြား နှင့် တောင်ထိပ်တို့တွင် ပေါက်လေ့ရှိသည်။

ထို့ကြောင့် ခက်ခက်ခဲခဲ ရှာဖွေကြရခြင်းဖြစ်ရာ ကျောက်တောင်များမှ ခြေချော်ကျကာ အများအားဖြင့် သေဆုံး ကြရပြီး တောင်ဆင်းတွင် အများစု ပြုတ်ကျ သေဆုံးကြသည်ဟု ဘေချီရှာဖွေဖူးခဲ့သူ ပူတာအိုဒေသခံ တစ်ဦးက  ဆက်ရှင်းပြသည်။

“ရှာရင်းနဲ့ အန္တရာယ်များတယ်။ ကမ်းပါးယံတက်တဲ့ အခါမှာ တခါတလေကျရင် ကြုံဖူးလာမသိဘူး။ တက်တဲ့ အချိန်တော့ လွယ်လွယ်ကူကူ တက်သွားတယ်။ ဒါပေမယ့် အဆင်းမှာ ဖြစ်တာလေ။ ချောတာတို့ ဘာတို့၊ တချို့ က အဲ့ဒါကြောင့် ကြိုတွေယူသွားတယ်၊ တချို့က ဒီတိုင်းအလွတ် ဆင်းတယ်၊ အခုက ဘာလို့လည်းဆို မနှစ်တုန်း က ပိုခက်တဲ့ နေရာတွေမှာဘဲ ကျန်တော့တယ်။ ဘေချီက လွယ်တဲ့နေရာတွေမှာက တော်တော်လေး ကုန်သွား ပြီး။ တော်တော်လေး ခက်ခဲတဲ့ ဒီလိုခက်ခဲတဲ့ နေရာတွေဘဲ ကျန်တော့ ဘယ်လိုလာမလဲ မသိဘူး” ဟု ပြော သည်။

ဘေချီဆေးဥသည် ယခင်နှစ်များတွင် ဆေးဦအခြောက် တစ်ပိဿာလျှင် ကျပ် ၁၁ သိန်း အထိ‌ ဈေးကောင်းရခဲ့ ပြီး ပြီးခဲ့သည့် နှစ် ၂၀၂၂ ခုနှစ်တွင် တစ်ပိဿာကို ကျပ် ၉ သိန်း အထိသာရသည်ဟု ဒေသခံများက ပြောသည်။

၎င်းဆေးဥအား တရုတ်လူမျိုးများက အဓိကဝယ်ယူပြီး ဒေသခံများကမူ ဆေးအဖြစ် အသုံးပြုမှုနည်းပါး ကြောင်း ပူတာအိုဒေသခံများက ပြောသည်။

ပူတာအို ဒေသခံတစ်ဦးက “ဒေသခံတွေက ဘေချီကို ဘာကို သုံးလို့သုံးမှန်းမသိဘူးလေ။ သူက တရုတ်ဈေး ကွက်ကို တရုတ်က ရှာတော့ ဘာဆေး ဆိုတာလည်း ဒီကလူတွေက မသိဘူး။ ဒီဘေချီက သူများဝယ်လို့ ရှာတဲ့ ဟာ။ ပိုက်ဆံရလို့ရှာတာ။ ဆေးဆိုတာ ဝယ်တဲ့ လူက ပြောပြလို့သိတာ ဒါက ဆေးပဲဆိုတာကိုပေါ့။ ကိုယ်ဆီမှာ တော့ ဘယ်လောက် ထားထား ဒါက ဆေးမဖြစ်ဘူး။ သူများလုပ်တတ်တဲ့ သူလုပ်မှ ရမှာ” ဟု ပြောသည်။

၂၀၂၁ ခုနှစ်တွင် ဘေချီရှာဖွေရင်း သေဆုံးသူ ပူတာအို ဒေသခံ အယောက် ၂၀ ကျော်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင်လည်း ၁၀ ဦးကျော်ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်အတွင်း CDM အမျိုးသားတစ်ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးလည်း ဘေချီရှာဖွေရင်း သေဆုံးသွားခဲ့သေးသည်။

ယခုကဲ့သို့ ဘေချီရှာဖွေသူများ နှစ်စဉ်နှစ်တိုင်းလိုလို ရှိနေသော်လည်း ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုကြောင့် ရှာဖွေသူများမှာ လျော့နည်းသွားခြင်းမျိုး မရှိခဲ့ဘူးဟု အဆိုပါ ပူတာအိုဒေသခံ က ပြောသည်။

“ဘေချီရှာတဲ့သူ ပိုတိုးလာတယ်။ သူတို့ရဲ့ အခက်အခဲကတော့ ဘေချီ လျော့နည်းသွားတယ်။ ဈေးကမမှန်ဘူး မငြိမ်ဘူး။ ဈေးတော့တက်တယ်။ သူတို့မျှော်လင့်ထားသလို မရတာပေါ့။ အစပိုင်းမှာ ဈေးအရမ်းတက်ပြီး တော့မှ လူတွေ အားလုံး ပိုက်ဆံတွေ ချေးပြီးတော့ သွားကြတယ်။ အဓိကရှာရတာကတော့ ဝမ်းစာပေါ့နော် မိသားစု အခက်အခဲကြောင့်ပေါ့။ ပိုပြီးတော့ တခြားဝင်ငွေလည်း မရှိဘူးလေ ဒါကြောင့် သွားကြတာ” ဟု ပြောသည်။

ယခု ခက်ခက်ခဲခဲရှာဖွေကာ တရုတ်နိုင်ငံသို့ ရောင်းချနေကြသည့် ဘေချီဆေးဥမှာ မည်ကဲ့သို့ ဆေးဘက်ဝင်သည် ကို ဒေသခံများက မသိကြသော်လည်း တရုတ်လူမျိုးများက စျေးကောင်းပေးကာ ဝယ်ယူနေကြ သောကြောင့် အသက်အန္တရာယ်ကြားကပင် ရှာဖွေနေကြခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပူတာအိုရေခဲတောင်သည် မြန်မာနိုင်ငံရှိ ရှားပါးသည့် သဘာဝဆေးမြစ်၊ ဆေးဥများဖြစ်သော ဘေချီ၊ ရှီးပတီ၊ ခန်း တောက်မြစ်၊ ခါ့မရ၊ ဆားချီ အစရှိသည်များ ထွက်ရှိရာ ဒေသဖြစ်သည်။

ဒေသခံ ဘာသာစကားဖြစ် ဘေချီအား လန်ပေါ့ ဟု ခေါ်ဆိုကြပြီး ရေခဲတောင်များဖြစ်သည့် ခါကာဘိုရာ ဇီ၊ ဖုန် ကန်ရာဇီ၊ ဖုန်ရင်ရာဇီနှင့် မဒွယ်ရာဇီ စသည့် တောင်များ၏ ကျောက်ဆောင် ကျောက်ကမ်းပါး၊ ကျောက်ဖျာ များ တွင် ပေါက်ရောက်သည့် သစ်ဥ ဖြစ်ကြောင်း အဆိုပါဆေးဥကို ရှာဖွေသူများက ပြောသည်။

ဓါတ်ပုံ - Hmone Ram LW

Most read this week

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...