မဟာမြိုင်ကားလမ်းပြန်ဖွင့်သော်လည်း ကလေးမြို့တွင် ကုန်ဈေးနှုန်းမြင့်တက်နေဆဲ

မဟာမြိုင်ကားလမ်းပြန်ဖွင့်သော်လည်း ကလေးမြို့တွင် ကုန်ဈေးနှုန်းမြင့်တက်နေဆဲ

ကလေးမြို့နှင့် ပြည်မဘက်သို့ ဆက်သွယ်ရာ အဓိကလမ်းမကြီး တစ်ခုဖြစ်သော မဟာမြိုင်ကားလမ်းမကြီးအား ပြန်ဖွင့်ပြီ ဖြစ်သော်လည်း ကလေးမြို့တွင် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲဟု ဒေသခံများက ပြောသည်။

လမ်းပြန်ဖွင့်လိုက်သည့်အတွက် အချို့ကုန်ပစ္စည်းများ စျေးနှုန်း အနည်းငယ်သာ ကျဆင်းလာပြီး အများစုမှာ ဆက်လက်မြင့်တက်နေဆဲဟု ပြောသည်။

“ဟိုတစ်ခေါက် ၃ ရက်လောက် လမ်းပွင့်တုန်းကတော့ ပစ္စည်းတော်တော်များများ ရောက်တယ်။ ဒါပေမဲ့ ကုန်ဈေး နှုန်းကတော့ အရင်ကထက်နည်းသွားပေမဲ့ သိပ်မကျနိုင်သေးဘူး” ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဩဂုတ်လကုန်ပိုင်းတွင် ဓါတ်ဆီ 95 တစ်ဂါလံ ကျပ်၂၀၀၀၀ ကျော်အထိ မြင့်တက်သည့်အပြင် ခွဲတန်းဖြင့်သာ ဝယ်ယူခဲ့ရ‌ပြီး ယခုတွင် ၁၇၀၀၀ ကျပ်ဖြင့် လိုအပ်သလောက် ဝယ်ယူနိုင်ခဲ့ကြသည်။

ထို့အပြင် အခြေခံစားသောက်ကုန်၊ အများစု စားသုံးသည့် ဧရာမင်းကော်ချက် ဆန်တစ်အိတ် - ၁၂၆၀၀၀ ကျပ် (ပြန်မကျ)၊ နေကြာဆီသန့် တစ်ပိသာ - ၁၃၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး - ၄၀၀ ကျပ်စသည်ဖြင့် ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲဟု ဒေသခံများက ပြောသည်။

ယခုလက်ရှိတွင် ပြည်မနှင့် ကလေးမြို့သို့ ဆက်သွယ်ရာ ကားလမ်းများ ပျက်ဆီးမှုနှင့် အတက်ကားများ ပျက်ဆီး မှုများရှိခြင်းကြောင့် ကလေးမြို့သို့ ကုန်တင်ကားများ ပုံမှန်ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း ကုန်စည်ပို့ဆောင် ရေး ကားဂိတ်များထံမှ သိရသည်။

“လမ်းကတော့ ပွင့်ပြီ ဒါပေမဲ့ လောလောဆယ် လမ်းမကောင်းသေးဘူး၊ မြိုင်ကတော့ပွင့်နေပြီ မုံရွာဘက်လမ်းက ကားပျက်နေလို့‌ ပိတ်နေတာ၊ ဟိုဘက်ရွှေဘိုဘက်ကျတော့ တိုက်ပွဲအခြေအနေမ‌ကောင်းလို့ ပိတ်နေတာ” ဟု ကားဂိတ်တစ်ခုမှ တာ၀န်ရှိသူက ပြောသည်။

ထို့ကြောင့် ကုန်တင်ကားများ ယခင်လို ပုံမှန် သွားလာနိုင်ရန် ကားလမ်းအခြေအနေ၊ တိုက်ပွဲအခြေအနေသာ စောင့်ဆိုင်းနေကြရသည်ဟု ဆိုသည်။

ကုန်စည်များနှင့် အခြေခံစားသောက်ကုန်များအတွက် ကလေးမြို့ကို အဓိကအားထားနေသည့် ချင်းတောင် တီးတိန်နှင့် တွန်းဇန်မြို့တွင်လည်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည် သာမက အချို့ကုန်ပစ္စည်းများ ပြတ်တောက်မှုရှိသောကြောင့် နေ့စဉ် စားဝတ်‌နေရေးမှာ အခက်အခဲများ ကြုံတွေ့နေကြရသည်။

“အခုက ဓါတ်ဆီလည်း ဈေးကြီးလို့ မလိုအပ်ဘဲ ဆိုင်ကယ်တွေမသုံးရဲဘူး။ ဆန်ဈေးကလည်း တစ်သိန်းခွဲ လောက်ဆိုတော့ ချွေတာရတာပေါ့၊ ဟင်းတွေဆို တနေ့လာလည်း ဒီဟင်း အပြောင်းအလဲအနေနဲ့လည်း သိပ် မချက်နိုင်တော့ဘူး၊ အရေးပေါ်ဟင်း ကြက်ဥတောင် မစားနိုင်တော့ဘူး” ဟု တီးတိန်မြို့ အိမ်ရှင်မတစ်ဦးက ပြောသည်။

လွန်ခဲ့သော ဇူလိုင်လဆန်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ အကြား ကလေးမြို့ တောင်ပိုင်းတွင် မကြာခဏ တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းများပိတ်ကာ ကလေးမြို့သို့ ကားအဝင် မရှိ ဘဲ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ပြီး အချို့ ကုန်စည်များ ပြတ်တောက်မှုရှိခဲ့သည်။

ထို့နောက် ဩဂုတ်လ ၂၆ ရက်နေ့မှ စတင်၍ ၃ ရက်အတွင်း မဟာမြိုင်ကားလမ်း ပြန်ဖွင့်ကာ ကလေးမြို့သို့ အချို့ ကုန်စည်များ ရောက်ရှိလာခဲ့သော်လည်း ကုန်ဈေးနှုန်းများ အ‌နည်းငယ်သာ ကျဆင်းသေးသည်ဟု ဒေသခံများက ပြောသည်။

October 25, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...