မင်းတပ်မြို့ပေါ်တွင် တိုက်ပွဲအဖြစ်များလာပြီးနောက် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှု ပိုလုပ်နေ

မင်းတပ်မြို့ပေါ်တွင် တိုက်ပွဲအဖြစ်များလာပြီးနောက် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှု ပိုလုပ်နေ

ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ် - မင်းတပ်တို့ကြား တိုက်ပွဲများ ပိုမိုအဖြစ်များလာပြီး စစ်ကောင်စီကလည်း အရပ်သားများကို ဖမ်းဆီးစစ်ဆေးမှု ပိုမိုပြုလုပ်လာ သည်ဟု ဒေသခံများနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

“ဟိုတနေ့ကပဲ တစ်ရက်ခြားပေါ့ ၊ ခပ်စိတ်စိတ်တွေ ဖြစ်လာတယ်။ အရှေ့ဘက်မှာ တစ်နေရာ၊ မြောက်ဘက်မှာ လည်း တစ်နေရာ၊ ပြီးတော့ အောက်ဘက်မှာလည်း တစ်နေရာပေါ့။ ဒါပေမဲ့ နှစ်ဖက်စလုံးကတော့ အထိအခိုက် တွေ ရှိ၊ မရှိတွေ မသိရဘူးပေါ့နော်။ စစ်သားကလည်း ပြည်သူကို ပြည်သူမှန်း မသိ၊ ရန်သူကို ရန်သူမှန်း မသိ၊ အကုန်လုံး ရောပြီး လုပ်တယ်။ ဟိုဘက်ကလည်း သူတို့ရဲ့ ပန်းတိုင် မရောက်မချင်း လုပ်ဆောင်ကြတယ်ဆိုတော့ ကြားထဲမှာ ပြည်သူတွေက ဒုက္ခရောက်နေကြတယ်” ဟု မင်းတပ် မြို့ဒေသခံ တစ်ဦးက ပြောသည်။

ဩဂုတ်လ ၃၀ ရက်နေ့က မင်းတပ်မြို့ပေါ် ဘဝသစ်ရပ်ကွက်နှင့် အရှေ့ပြင် ရဲစခန်းကုန်း စသည့် နှစ်နေရာတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် စစ်ကောင်စီက ကျောင်းများကို ၅ ရက်ပိတ်ထားပြီး ပြန်ဖွင့်လှစ် နေသော်လည်း ကျောင်း သား/သူ တက်ရောက်သူ အနည်းငယ်သာ ရှိသည်။

ဆေးရုံမှာ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း စစ်စခန်းထဲတွင် နေထိုင်သော ဆရာဝန်မှာ ဆေးရုံသို့ လူနာလာ မကြည့်သည်မှာ တစ်ပတ်ခန့်ရှိပြီဟု ဆိုသည်။

မြို့ပေါ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့၏ မကြာခဏ တိုက်ခိုက်မှုကို ခံနေရသော စစ်ကောင်စီတပ်များသည် အနီး ဝန်းကျင်နေရာများကို ရမ်းသမ်းပစ်ခတ်ခြင်းနှင့် ဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုပြုလုပ်လာသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၅ ရက်နေ့ နှင့် ၂၆ ရက်နေ့တို့တွင် စစ်ကောင်စီသည် မြို့ပေါ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် အရပ်သား ၆ ဦးကို ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် အများစုမှာ ပြန်လွှတ်လာပြီဖြစ်သည်ဟု ဆိုသည်။

မင်းတပ်မြို့ပေါ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့က စိမ့်ဝင်ပြီး နေရာပြန်ယူနိုင်ရန် တိုက်စစ်ကဲ့သို့ ပြောက်ကျား ထိုးစစ်ဆင်မှုများကို လုပ်ဆောင်လာခြင်းဖြစ်သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန် က ပြောသည်။

“လူငယ်တွေကတော့ ပြောက်ကျားသဘော ခြုံခိုတိုက်ခိုက်တယ်။ စကစက ကင်းလှည့်လာတယ်။ စစ်ကြောင်း လုပ်တယ်ဆိုရင် ခြုံခိုတိုက်ခိုက်တာတွေရှိတယ်။ လူငယ်တွေကတော့ မြို့ပေါ်မှာ စိမ့်ဝင်နေရာယူနေတဲ့ သဘော မျိုးပေါ့နော်။ အဲလိုမျိုး စိမ့်ဝင် တိုက်စစ်လို့ ပြောရမလား။ တဖြည်းဖြည်းတော့ နေရာပြန်ယူဖို့ ကြိုးစားနေတာပဲ။ ပြည်သူတွေကတော့ ကြားညှပ်တာပေါ့နော်။ သေနတ်တွေကြားရတော့ စိုးရိမ်းကြောက်လန့်မှုတော့ ရှိတယ်။ ပြည်သူတွေလည်း သတိနဲ့ သွားလာဖို့ပေါ့” ဟု ကိုယောမာန်က ပြောသည်။

မင်းတပ်မြို့ပေါ်က စစ်ကောင်စီ လက်အောက်ခံ ကားတစ်စီးကိုလည်း ဩဂုတ်လ ၂၀ ရက်နေ့က သိမ်းဆည်း ရရှိထားသည်ဟု ချင်းကာကွယ်ရေးတပ်- မင်းတပ်က ဩဂုတ်လ ၂၈ ရက်နေ့တွင် အတည်ပြုသည်။

မင်းတပ်မြို့ ပြည်သူ့ဆေးရုံက ကားတစ်စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က သိမ်းယူသွားပြီးနောက် ဆေးရုံ၊ ရုံးနှင့် ကျောင်းများ ပိတ်ထားရန် စစ်ကောင်စီက ညွှန်ကြားခဲ့ပြီး လက်ရှိတွင်မူ ပြန်ဖွင့်လှစ်နေပြီ ဖြစ်သည်။

မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီသည် အရပ်သားပြည်သူများအပေါ် မတရားစွပ်စွဲ ဖမ်းဆီးမှု ပိုမိုများပြားလာ သောကြောင့် ပြည်သူများ အထူးသတိပြုနေကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)က ထုတ်ပြန်ထားသည်။

ပုံစာ - ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ရဲဘော်များအား တွေ့ရစဉ်။

(Photo: The Mindat Post/CDF Mindat)

Most read this week

October 25, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...