မင်းတပ်နှင့် ဖလမ်းမြို့က ချင်းညီနောင်စစ်ဆင်ရေး တစ်လကျော်ကြာ တိုက်ပွဲများ ပြန်းထန်နေ

မင်းတပ်နှင့် ဖလမ်းမြို့က ချင်းညီနောင်စစ်ဆင်ရေး တစ်လကျော်ကြာ တိုက်ပွဲများ ပြန်းထန်နေ

ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည့် ချင်းညီနောင်စစ်ဆင်ရေးသည် တစ်လပြည့်သွားပြီဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

“ကျေးဇူးတော်ကြောင့် အောင်မြင်မှုတစ်ချို့ ရရှိခဲ့သလို ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲပါ။ အဖက်ဖက်က ကျဆုံးနေတဲ့ အကြမ်းဖက် စကစတပ်ကလည်း လေကြောင်း၊ missile တွေနဲ့ တောက်လျှောက် စစ်ကူပေးနေတဲ့အတွက် ဆက်လက်ပြီး အလုံးစုံအောင်မြင်နိုင်ဖို့ ပြည်သူတွေရဲ့ ရပ်တည်ပေးမှု၊ ဆုတောင်းပေးမှုနဲ့ လက်နက်ခဲယမ်း၊ ကျည်တွေ ထောက်ပံ့မှု လိုအပ်နေပါတယ်” ဟု CNO/ CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောသည်။

မင်းတပ်နှင့် ဖလမ်းက စစ်ကောင်စီစခန်းများကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ချင်းပူးပေါင်းတပ်များနှင့် မဟာမိတ်အဖွဲ့များက နိုဝင်ဘာလ ၉ ရက်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ရာ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

လက်ရှိ မင်းတပ်မြို့တိုက်ပွဲတွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အများအပြားရှိနေပြီး တိုက်ပွဲများ ပြင်းထန်နေသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။

ချင်းပူးပေါင်းတပ်သည် မင်းတပ်မြို့တွင် စစ်ကောင်စီစခန်း အများအပြားကို ထိုးစစ်ဆင်ကာလအတွက် သိမ်းပိုက်ထားနိုင်သည့် အောင်မြင်မှုများ ရရှိထားသည်ဟု သိရသည်။

ဖလမ်းမြို့တိုက်ပွဲတွင်လည် ချင်းပူးပေါင်းတပ်က နေရာတချို့ကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီ၏ အခိုင်အမာစခန်းတချို့ ကျန်ရှိနေသေးသည်ဟု သိရသည်။

ခလရ - ၂၆၈ အပါအဝင် ဖလမ်းမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဆက်လက်ခုခံခြင်းမပြုပါက သွားလိုရာနေရာကို သွားခွင့်ပေးမည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO ဒု-ဥက္ကဌ ဆလိုင်းပီတာထန်က ကမ်းလှမ်းသည်။

“ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် ကျွန်တော်တို့မြို့ကို ပြန်ပေးပါ။ သွားလိုရာနေရာကို သွားခွင့်ပေးမှာပါ။ ဖလမ်းမြို့ကို ထားခဲ့ပြီးသွားမယ်ဆိုရင် ဒီအကောင့်ကို ဆက်သွယ်ပေးပါ။ ကျနော်တို့လိုချင်တာ ခင်ဗျားတို့ရဲ့အသက် မဟုတ်ပါဘူး။ ကိုယ့်မြို့ကို ပြန်လိုချင်ရုံပါ” ဟု ဆလိုင်းပီတာထန်းက ၎င်း၏ လူမှုကွန်ယက်မီဒီယာမှတဆင့် ပြောဆိုခြင်းဖြစ်သည်။

မင်းတပ်နှင့် ဖလမ်းမြို့က ချင်းညီနောင်စစ်ဆင်ရေးကို လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အများအပြားဖြင့် စစ်ကောင်စီသည် ခုခံတိုက်ခိုက်လျက်ရှိပြီး လက်နက်ရိက္ခာများလည်း မကြာခဏ ဖြည့်တင်းနေကြောင်း သိရသည်။

စစ်ကောင်စီသည် မင်းတပ်မြို့တိုက်ပွဲများတွင် မြို့ပေါ်နေအိမ် ၂၀၀ ဝန်းကျင်ကို မီးရှို့ဖျက်စီးထားကြောင်း ဒေသခံများက ပြောသည်။

ချင်းညီနောင် စစ်ဆင်ရေးတွင် စစ်ကိုင်းမှ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် Generation Z Army (GZA) တို့ ပါဝင်တိုက်ခိုက်နေပြီး မကွေးတိုင်းနှင့် ယောနယ်ဘက်မှ အညာတော်လှန်ရေးတပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

တိုက်ပွဲများတွင် ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်း၊ ကျည်ထောက်ပံ့မှုများ လိုအပ်နေ၍ ချင်းညီနောင်အဖွဲ့ကို တတ်နိုင်သလောက် ပါဝင်အားဖြည့်ကြရန် ပြည်တွင်း/ပြည်ပ ပြည်သူများကို မေတ္တာရပ်ခံထားသည်။

Most read this week

December 23, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက...
December 20, 2024
ချင်းညီနောင်စစ်ဆင်ရေးများအဖြစ် ဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့များတွင်...
December 11, 2024
ချင်းပြည်အစိုးရပူးပေါင်းတပ်က သိမ်းထားသည့် ဟားခါးမြို့အနီးက Kiamtlang စခန်းကုန်းကို စစ်ကောင်စီက...