အာရှလမ်းပိုင်း စစ်တပ်ဂိတ်နှင့် ကင်းစခန်းများတွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် လမ်းအသုံးပြုသူများ အန္တရာယ် ကြား သွားလာနေရ

အာရှလမ်းပိုင်း စစ်တပ်ဂိတ်နှင့် ကင်းစခန်းများတွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် လမ်းအသုံးပြုသူများ အန္တရာယ် ကြား သွားလာနေရ
Photo: Crd.
Photo: Crd.

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းရှိ စစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF)များ၏ ငွေတောင်း ဂိတ်များနှင့် လမ်းလုံခြုံရေး ကင်းစခန်းများတွင် ပစ်ခတ်မှုများ နေ့စဉ်လိုလိုဖြစ်ပွားသည့်အတွက် လမ်းအသုံးပြု သွားလာသည့် ကားများ၊ ခရီးသည်များအနေဖြင့် အသက်အန္တရာယ်ကြားက ဖြတ်သန်းသွားလာနေရကြောင်း ပြောသည်။

လတ်တလော အာရှလမ်းသစ် လမ်းပိုင်းတွင် စစ်တပ်နှင့် BGF ငွေတောင်းဂိတ် ၁၀ ဂိတ်ကျော်ရှိနေပြီး ထိုဂိတ် များကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်များက ပြောက်ကျား ဝင်ရောက် တိုက်ခိုက်မှုများရှိနေသည့်အတွက် ဖြတ်သန်းသွားလာသူ ဒေသခံများ၊ ကားများ၊ ဆိုင်ကယ်များနှင့် ကုန်တင်ကား များအနေဖြင့် တိုက်ပွဲအခြေအနေကို ကြည့်ပြီး ဖြတ်သန်းသွားလာနေရကြောင်း ဒေသခံ လမ်းအသုံးပြုသူများက ပြောသည်။

“အဲဒီဂိတ်တွေမှာ KNLA နဲ့ PDF တွေ လာလာပစ်တော့ ခဏခဏ ကားတန်းပိတ်ပိတ်သွားတယ်။ တချို့ကားတွေ ဖြတ်မောင်းနေတုန်း ပစ်တာ။ ကြားထဲရောက်သွားရင် ကားတွေလူတွေ ထိကုန်တယ်။ ကားတွေက အခြေအနေ ကြည့်လိုက် မောင်းလိုက်ပုံစံမျိုးသွား လာနေရတာ အန္တရာယ်များတယ်” ဟု ကုန်ကားသမားတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း တစ်လျှောက်တွင် စစ်တပ်နှင့် BGFတပ်များ ပိုက်ဆံ တောင်းခံသည့် ဂိတ် ပေါင်း ၁၀ ဂိတ်ကျော်တွင် အိမ်စီးကားတစ်စီးကို သုံးထောင်ကျပ်မှ ငါးထောင်ကျပ်အထိ ပေးဆောင်ရပြီး ကုန် တင်ကားကြီး တစ်စီးကို တစ်သောင်းကျပ်အထိ ပေးဆောင်ရသည်ဟု ယာဉ်မောင်းသမားများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့က အာရှလမ်းသစ်တောနော် ရေတံခွန်အနီး လမ်းပိုင်းတွင် မြေပြို တောင်ပြိုမှုကြောင့် လမ်းပိုင်းပြတ်တောက်သည့် နေရာအား စစ်တပ်က ယာယီ ဘေလီသံဘောင်တံတား ထိုး ထားပြီး စစ်ဆေးငွေတောင်းနေသည်။

တရားမဝင်အကောက်အခွန်မဲ့ ကုန်စည်တင်ဆောင်သည့် ကုန်ကားကြီးများကိုလည်း ဖြတ်သန်းသွားလာခွင့် ပြုနေ သည့်အတွက် တံတားနိမ့်ဆင်းသည့် ကိစ္စအား ပြုပြင်ပြီး တန် ၅၀ အောက်ကုန် ကားများသာ ဖြတ်သန်းခွင့်ပြု ထားကြောင်း ယာဉ်မောင်းသမားများက ပြောသည်။

စစ်ကောင်စီ လမ်းတံတားဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက “တံတားက တန် ၅၀ပဲ ပေးဖြတ်တာ။ အခုက စစ်တပ် လုံခြုံရေး လမ်းကင်းထိုးထားတဲ့ အဖွဲ့တွေက ငွေကောက်ပြီး ပေးဖြတ်တော့ တံတားပြန်နိမ့်သွားတယ်။ အခု ကျောက်တွေခင်း ကရိန်းကားနဲ့ သံဘောင်တွေ ပြန်မတ်တင်တာမျိုးတော့ လုပ်ပြီးပြီ။ ခိုးလမ်းပတ်ကားတွေက တန် ၆၀ ၊ ၇၀ တင်လာတာတွေဖြစ်တော့ ဒီတံတားက တောင်ဖြိုတဲ့ဖို့မြေပေါ်မှာ ခင်းထိုးထားတာဆိုတော့ အဲ့ သလို တန်ပိုကားတွေ စစ်တပ်က ငွေယူပြီး ပေးဖြတ်နေမယ်ဆိုရင် အန္တရာယ်တော့ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလောတွင်လည်း ကော့ကရိတ်၊ ကော့နွဲ၊ ကမိုင်ကုန်း၊ အာရှလမ်းရှိ တောနော်ကွေ့ အနီးလမ်း ပိုင်းနေရာ များတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ နှစ်ဖက်တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသလို စစ်တပ်ဘက် က လက်နက်ကြီးများကျေးရွာများဘက် ပစ်ခတ်နေသည့်အတွက် နေအိမ်များ ထိမှန်ပျက်စီး မှုရှိနေကြောင်း ဒေသခံ ရွာသားများက ပြောသည်။

Most read this week

October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...
October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...