စစ်တွေဆန်ပြဿနာနေ့ အခမ်းအနား တက်သူ ဒေါ်ညိုအေးကို ပထမဆုံးအကြိမ် ရုံးထုတ်

စစ်တွေဆန်ပြဿနာနေ့ အခမ်းအနား တက်သူ ဒေါ်ညိုအေးကို ပထမဆုံးအကြိမ် ရုံးထုတ်

စစ်တွေ ဆန်ပြဿနာနေ့ အခမ်းအနားကို တက်မိခဲ့၍ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅ဝ၅-ခ ဖြင့် အမှုဖွင့် ခံထားရသည့် စစ်တွေမြို့မှ အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ကို ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့သည်။

ဒေါ်ညိုအေးကို ဩဂုတ်လ ၂၉ ရက်နေ့၊ မွန်းလွှဲ ၁ နာရီအချိန်ကက စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်း ဖြစ်ပြီး ရုံးထုတ်လာစဉ် ဒေါ်ညိုအေးနှင့် စကားအနည်းငယ် ပြောခွင့်ရခဲ့သည်ဟု ရခိုင်အလင်းတံခါးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က ပြောသည်။

ဒေါ်ကျော့စိန်က “အချုပ်ကားထဲကနေ စကားနည်းနည်းပြောခွင့်ရလိုက်တယ်။ ကျန်းမာရေး အခြေအနေ ကောင်း တယ်လို့တော့ သူကပြောတယ်” ဟု ပြောသည်။

ဒေါ်ညိုအေးကို လာမည့် စက်တင်ဘာလ ၁၂ ရက်နေ့သို့ ရုံးချိန်းထပ်ပေးလိုက်ကြောင်း ကိုယ်တိုင်သွားရောက် သတင်းရယူခဲ့သည့် နိရဉ္စရာ သတင်းထောက်က ပြောသည်။

“ဒေါ်ညိုအေးကို စက်တင်ဘာလ ၁၂ ရက်ကို ရုံးချိန်းပေးလိုက်ပါတယ်။ သူ့ရဲ့မိသားစုဝင် (သမီး) ကတော့ စိတ် မကောင်း ဖြစ်ပြီးတော့ ပြန်သွားတာတွေ့ရတယ်” ဟု ပြောသည်။

အသက် ၆၈ နှစ် အရွယ်ရှိ ဒေါ်ညိုအေးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် စစ်တွေရှိ ရခိုင်အမျိုးသမီးကွန်ရက်ရုံးမှ တဆင့် ရဲတပ်ဖွဲ့ ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်း ဖြစ်သည်။

ဒေါ်ညိုအေးသည် သြဂုတ်လ ၁၃ ရက်နေ့က စစ်တွေမြို့ရှိ စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် စစ်တွေ ကျောင်း သားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက် မေ့ဖွယ်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့၍ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည် ဟု မိသားစုဝင်များက ပြော သည်။

ဖမ်းဆီးပြီးနောက် သူမကို နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅ဝ၅-ခဖြင့် အမှတ် (၁) ရဲစခန်းမှူးက တရားလို ပြုလုပ်ကာ အမှုဖွင့်ပြီး စစ်တွေထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်သည်။

ပုဒ်မ ၅ဝ၅-ခ သည် ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ် သည်။

ဆန်ပြဿနာနေ့အခမ်းအနားကို ပြုလုပ်ခြင်းဖြင့် ရခိုင်ပြည်သူများအပေါ် စစ်အစိုးရ၏ မတရားအကြမ်းဖက်မှု သမိုင်းကို ဖော်ထုတ်ရာရောက်သဖြင့် အနာပေါ်တုတ်ကျကာ ပြည်သူများအား ဖမ်းဆီးတရားစွဲခြင်းသာ ဖြစ်ကြောင်း ရခိုင်အမျိုးသမီး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“ဆန်ပြဿနာနေ့ အခမ်းအနားက အရင်က ဦးမောင်မောင်အုန်းတို့ လက်ထက်မှာလည်း လုပ်ခဲ့ကြတာပဲ။

အဲ့ဒီတုန်းကဆိုရင် စစ်တွေကဘုရားကြီးမှာ ပြည်သူလူထုအများကြီးနဲ့ လုပ်ခဲ့ကြတယ်။ အဲဒီတုန်းကလည်း ဘာ ပြဿနာမှ မရှိဘူး။ ပြီးတော့ အရင့်အရင်နှစ်တွေကလည်း လုပ်လာကြတာပဲ။ ဘာပြဿနာမှမရှိခဲ့ဘူး။ အခုမှ ဒီလိုလုပ်တယ်ဆိုတာကတော့ သူတို့ရဲ့ရာဇဝင်ကို ဖော်ထုတ်သလိုပုံစံမျိုး အနာကို တုတ်ကျသွားတာလား မပြောတတ်ဘူး” ဟု ပြောသည်။

ဒေါ်ညိုအေးမှာ ဆန်ပြဿနာဖြစ်သည့် ၁၉၆၇ ခုနှစ်တွင် အသက် ၁၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ထိုချိန် ဆန္ဒပြမှု ဖြစ်စဉ်နှင့် ပြည်သူများ ပစ်ခတ်ခံရ၍ သေဆုံးမှုကို ကြုံတွေ့ခဲ့ရသူတစ်ဦးလည်း ဖြစ်သည်။

ဒေါ်ညိုအေးတက်ရောက်ခဲ့သည့် စစ်တွေ ဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့ အခမ်း အနားသည် ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် ရခိုင်၌ ဆန်ရေစပါးရှားပါးမှုကို အစိုးရက ဖြေရှင်းပေးရန် စစ်တွေလူထုက လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်ကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည့် အတွက် လူပေါင်း ၃ဝဝ ခန့် သေဆုံးခဲ့ရသည်ကို အောက်မေ့ဖွယ်ပြုလုပ်ခဲ့သည့် အခမ်းအနားဖြစ်သည်။

December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...
December 17, 2024
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းရှိ နေရာအများအပြားကို အာရက္ခတပ်တော် (AA...
ဓာတ်ပုံ - ပုံဟောင်းသာ
December 16, 2024
ဧရာ၀တီတိုင်း ပင်လယ်ကမ်းခြေ မြို့နယ်ခွဲတစ်ခုဖြစ်သော ငွေသောင်ယံတွင် စစ်ဘေးရှောင်နေကြသည့်...