ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြို့သစ်၏ တရုတ်ဆိုက်ဘက်ခြမ်းတွင် အသွားအလာ စစ်ဆေးမှု ပြုလုပ်ပေးနေသည့် (Yatai International Holding Group) ကုမ္ပဏီခန့် လုံခြုံရေးဝန်ထမ်းများကို တရုတ်လုပ်ငန်းရှင် သူဌေးများ ကိုယ်တိုင်က ရမ်းကားပစ်ခတ်မှုများ လုပ်နေသည်ဟု နီးစပ်သူများက ပြောသည်။
လုံခြုံရေးဝန်ထမ်းများအား လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုပြုလုပ်ရန်အတွက် Yatai ကုမ္ပဏီ၏ တရုတ်လုပ်ငန်းရှင်များက ငှားရမ်းထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့က တရုတ်လူမျိုးများ၏ ကားကိုစစ်ဆေးခဲ့ရာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး လုံခြုံရေးခေါင်းဆောင်တစ်ဦး သေနတ်ထိမှန်ခဲ့ ကြောင်း တရုတ်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ယခုကဲ့သို့ ပြောသည်။
“တရုတ်သူဌေးတွေနဲ့ ရထိုက် (Yatai) လုံခြုံရေးဝန်ထမ်းတွေပစ်ခတ်မှု ဖြစ်ကြတယ်။ ရထိုက် လုံခြုံရေး ခေါင်း ဆောင်ကို အဲ့ဒီတရုတ်သူဌေးက သေနတ်နဲ့ပစ်တယ်။ လုံခြုံရေးခေါင်းဆောင် ထိသွားတယ်။ သေလားရှင် လား တော့ မသိရသေးဘူး။ သူတို့အမြဲဖြစ်ကြတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ တရုတ်တွေသွားလာလို့ ကားတွေကို လုံ ခြုံရေးတွေက စစ်ရင်သူတို့ဂရုမစိုက်ဘူး။ သူတို့သဘော သူတို့ပြီးရင်ပြီးပဲဆိုတဲ့ပုံစံလုပ်တာ။ မောင်းချင်သလို မောင်းသွားချင်သလိုပဲသွားတယ်။ ဒါပေမဲ့ သတင်း တွေတော့ သူတို့မထုတ်ဖော်ဘူး” ဟု ကေအိုင်စီသို့ ပြော သည်။
တရုတ်လူမျိုးများ ငှားရမ်းထားသည့် (Yatai) ရထိုက် လုံခြုံရေးဝန်းထမ်းများမှာ မြန်မာပြည်တွင်း အနယ်နယ် အရပ်ရပ်မှ ရွှေကုက္ကိုလ်ဒေသသို့ ရွှေ့ပြောင်းဝင်ရောက် အလုပ်လုပ်ကိုင်ကြသူများနှင့် နယ်ခြားစောင့်တပ် (BGF) တပ်သားအချို့လည်း ပါဝင်ပြီး ပစ်ခတ်ခံရမှုဖြစ်စဉ် နှစ်ကြိမ်ရှိပြီဟု အဆိုပါ နီးစပ်သူက ဆက်ပြောသည်။
“ကုက္ကိုလ်မှာဆိုရင် ပစ်ခတ်မှုက နှစ်ခါလောက်ရှိပြီ။ ဒါပေမဲ့ သတင်းထွက်လာတာမရှိဘူး။ ဘယ်လို ဖြေရှင်းကြ လဲဆိုတော့ BGF ကို တိုင်လို့လည်းမရဘူး။ တရုတ်တွေငှားထားတဲ့ လုံခြုံရေးပဲဆိုတော့ ဒီတိုင်းပဲဖြစ်နေတယ်။ ပြောရမယ်ဆိုရင် တရုတ်တွေ အနိုင်ကျင့်ပြီး သူတို့လုပ်ချင်သလို လုပ်နေတဲ့သဘောပဲပေါ့” ဟု ၎င်းက ဖြည့်စွက် ပြောသည်။
အဆိုပါ ပစ်ခတ်ခံရသည့် လုံခြုံရေး ဝန်ထမ်းများကိုလည်း ပစ်ခတ်ခံရပြီးနောက် သက်ဆိုင်ရာ BGF တာဝန်ရှိသူ များက လာရောက်ခေါ်ဆောင်သွားပြီး ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေ မည်သို့ရှိနေသည်ကိုပင် မည်သူမျှ မသိရ သေးကြောင်း နီးစပ်သည့် သတင်းအရင်းအမြစ်များက ဆိုသည်။
ထို့အပြင် ရွှေကုက္ကိုလ်ဒေသတွင် အလုပ်လျှောက်ရန်နှင့် အခြားသော လုပ်ငန်းအသီးသီးတွင် သွားရောက် လုပ် ကိုင်လိုပါကလည်း ရပ်ကွက်လူကြီးရုံးနှင့် ရထိုက်(Yatai) လုံခြုံရေးရုံးကို သွားရောက် လျှောက်ထားရသည် ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်း “အခုကုက္ကိုလ်မှာ မုဒိမ်းမှုတွေလည်း ဖြစ်တယ်။ ကုက္ကိုလ်မှာ အလုပ်လိုချင်တာပဲ ဖြစ်ဖြစ် တစ်ခုခု ဆိုရင် ရပ် ကွက်လူကြီးနဲ့ ရထိုက်ကိုပဲ တိုင်ရတယ်။ အလုပ်လိုချင်ရင်လည်း ရထိုက်မှာပဲ သွားလျှောက်လို့ ရတယ်။ ဘာလုပ် လုပ်အဲ့မှာ အကြောင်းကြားရတာ” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ရွှေကုက္ကိုလ်ဒေသတွင် လုံခြုံရေးဝန်ထမ်းများ ပစ်ခတ်ခံရမှုများရှိနေသလို အခြားသောနီး စပ်သည့် မြဝတီမြို့က ကာစီနိုရုံဘက်တွင်လည်း အလားတူ ပစ်ခတ်မှုဖြစ်စဉ်များ ရှိနေကြောင် အခြား အမည်မဖော်လိုသူ တရုတ်လုပ်ငန်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
လတ်တလောတွင်လည်း ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံဘက်မှ မီးဖြတ်တောက်ထားခြင်းအပြင် အင်တာနက် WIFI လိုင်းများကိုလည်း ဖြတ်တောက်ထားသည်။ ၎င်းဒေသနှင့် နီးစပ်သည့်နေရာများတွင် တိုက်ပွဲဖြစ်ပွားနေ သည့်အတွက် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းရှင်အချို့ မှာ ရွှေကုက္ကိုလ်မြို့ကို စွန့်ခွာကြကာ အခြားသောနေရာများ သို့ ပြောင်းရွှေ့သွားကြကြောင်းလည်း နီးစပ်သူများက ဆိုသည်။
“အခုက သူဌေးတွေ အလုပ် ပြုတ်တာများတယ်။ ပြုတ်သွားတဲ့ ကုမ္ပဏီတွေ လာအို(နိုင်ငံ) ဘက်ကို ပြန်ပြောင်း မယ်တဲ့။ ပြောင်းတဲ့လူတွေရှိသလို တချို့တဝက်လည်း လုပ်နေသေးတယ်။ မီးလည်းပြတ် ဝိုင်ဖိုင်လည်း မရ ဆို တော့ ဒီမှာက အရင်လောက် အဆင်မပြေတော့ဘူး။ ဒီမှာက တိုက်ပွဲလည်း ဖြစ်သွားတော့ သူတို့ကြောက်ကြတာ လည်း ပါတယ်” ဟု တရုတ်လုပ်ငန်းနှင့်နီးစပ်သူက ပြောသည်။
ရွှေကုက္ကိုလ်ဒေသတွင် BGF နှင့် တရုတ်လူမျိုးများအပြင် အခြားသောနိုင်ငံများမှ ပူးပေါင်း၍ အကျိုးစီးပွားတူ ပူးပေါင်း တည်ထောင်ထားသည့် လောင်းကစားရုံ၊ အွန်လိုင်းလူလိမ်လုပ်ငန်းနှင့် ကာစီနို လုပ်ငန်းများကို ပြည်မ ထဲရှိ လူငယ်များ၊ အမျိုးသမီးများက အခြေအနေအရ နည်းလမ်းတစ်ခုကိုရှာ၍ အဆိုပါ နေရာတွင် လာရောက် လုပ်ကိုင်ကြသည်။
ပြည်မမှ လာရောက်လုပ်ကိုင်သည့် လူငယ်တစ်ဦးက “အာဏာမသိမ်းခင်ကတော့ ၁၀ တန်း အောင် ကျောင်း တက်ပြီး ပညာတော်သင် ဆက်တက်မလို့ စိတ်ကူးထားတာ။ ဒါပေမဲ့ အခုလိုတွေ ဖြစ်ကုန်တော့ လမ်းတွေ ပျောက်ကုန်တယ်။ ရွှေကုက္ကိုလ်ကလွဲရင် တခြားနေရာမှာ အလုပ်လုပ်ဖို့က ပေးတဲ့လစာကလည်း အဆင် မပြေ ပြန်ဘူး။ မိသားစု စားဝတ်နေရေးတစ်ခုကို ကြည့်ပြီး ရွှေကုက္ကိုလ်ကို လာလိုက်ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ရွှေကုက္ကိုလ်ဒေသရှိ တရုတ်အွန်လိုင်း လူခေါ်လုပ်ငန်းနှင့် အခြားသော လုပ်ငန်းများ၌ ဝန်ထမ်းအသစ် ခေါ်ယူရာ တွင် အခြေခံလစာ ထိုင်းဘတ်ငွေ တစ်သောင်းခွဲအထိ ပေးထားပြီး လုပ်ငန်းလုပ်ဆောင်ချက်များ အပေါ် မူတည် ၍ လစာကို တိုးပေးသွားကြောင်းလည်း တရုတ်လုပ်ငန်းနှင့် နီးစပ်သူအချို့က ပြောသည်။