ရာဇဝတ်မှုများနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများ စုံစမ်းစစ်ဆေးဆဲဟု KNU ဆို

ရာဇဝတ်မှုများနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများ စုံစမ်းစစ်ဆေးဆဲဟု KNU ဆို

ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်းများတွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်မှု ရှိနေ သည် ဆိုသည့် ပြောဆိုစွပ်စွဲမှုများကို စုံစမ်းစစ်ဆေးရန် လွတ်လပ်ဘက်မလိုက်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းထားပေသော်လည်း လက်ရှိအချိန်အထိ အပြီးသတ် ကောက်ချက်ချနိုင်သည့် အခြေအနေအထိ မရောက် သေးဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြောဆိုလိုက်သည်။

ဩဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ကရင် အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ KNU ရဲ့ ဒု-ဥက္ကဋ္ဌ ကာကွယ်ရေးဌာန တာဝန်ခံလည်းဖြစ်တဲ့ ပဒိုစောဆဲဂေးကနေ ဦးဆောင်ပြီးတော့ ခရိုင်မှ ကိုယ်စားလှယ်ပြီးတော့ တတ်သိကျွမ်းကျင်တဲ့ ပညာရှင်တွေ ဘက်မလိုက်တဲ့အဖွဲ့များ အဖွဲ့ဝင်တွေ ပါ လာဖို့အတွက် ကျနော်တို့ ဖွဲ့စည်းခဲ့ပါတယ်။ ကျနော်တို့ ဒီလိုဆောင်ရွက်တဲ့နေရာမှာ အခုက ခုနက ကျနော် တင် ပြသလိုပဲ အချိန်ကာလကလည်း နည်းတယ်။ တိုတောင်းတဲ့အချိန်မှာ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းပြီးတော့ အဖွဲ့ အစည်းကနေ စတင်ဆောင်ရွက်မှုတော့ လုပ်နေပါပြီ။ ဆိုတဲ့သဘောက ကျနော်တို့ နောက်ဆုံး ကောက်ချက်ချ နိုင်တဲ့အထိ အဆင့်အထိတော့ ကျနော်တို့ မရရှိသေးဘူးလို့ ပြောလို့ရပါတယ်။”

၁၇ ကြိမ်မြောက် KNU ကွန်ဂရက်ပြီးနောက် ပထမအကြိမ်ပြုလုပ်တဲ့ ဗဟိုကော်မတီ အစည်းအဝေးမှ စုံစမ်း ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့ကို KNU ဒု-ဥက္ကဋ္ဌလည်းဖြစ် ကာကွယ်ရေးဌာန တာဝန်ခံလည်းဖြစ် သည့် ပဒိုစောဆဲဂေးက ဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်နေပြီဟု KNU ဥက္ကဋ္ဌ က ပြောပါ သည်။

KNU ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ဝင် ၁၁ ဦးပါဝင်ပြီး KNU ဒု-ဥက္ကဋ္ဌ အပြင် ခရိုင် ၇ ခုက ကိုယ်စားလှယ် တစ်ဦးစီနှင့် တတ်သိပညာရှင်များ ပါဝင်သည်ဟု KNU က ဆိုသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက “ဒီအဖွဲ့ရဲ့ တာဝန်တွေကတော့ KNU ခေါင်းဆောင်တွေက ဒုစရိတ်လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်မြို့သစ် စီမံကိန်းနဲ့ ပတ်သက်ခြင်း ရှိ/မရှိ စုံစမ်းဖို့ဖြစ်တယ်။ နောက်ပြီးတော့ ဒီခေါင်းဆောင်တွေကနေ ပြီးတော့ KNU ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်မှု ရှိ/မရှိဆိုတာကို စစ်ဆေး ဖို့ဖြစ်တယ်” ဟု ပြောသည်။

ထို့အပြင် “တွေ့ရှိတဲ့အချက်တွေ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးကို ပြန်လည်တင်ပြရမှာ ဖြစ်တယ်။ စည်းမျဉ်းစည်းကမ်း ချိုးဖောက်တာ တွေ့ရမယ်ဆိုရင် သက်ဆိုင်ရာ တွေ့ရှိချက် အမျိုးအစားအပေါ်မှာ မူတည် ပြီးတော့ KNU ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နည်းဥပဒေများအရသော်လည်းကောင်း KNU ရဲ့ တရားရေးဆိုင်ရာ လုပ်ငန်းစဉ်များအားဖြင့်သော် လည်းကောင်း KNU ဗဟို အမြဲတမ်းကော်မတီ ဆုံးဖြတ်ချက်များနဲ့ သော်လည်း ကောင်း အရေးယူ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ပဒိုစောတာဒိုမှူးက ဆက်ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် မောထိုတလေးဒေသတွင်ရှိသည့် ဟွမ်ယာ (Hyuny ) တရုတ်မြို့သစ် စီမံကိန်း ကိစ္စနှင့် KK Park ဟု လူသိများသည့် တရုတ်ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်နေသော လောင်းကစားရုံများတွင် KNU ထိပ်ပိုင်း ခေါင်းဆောင်အချို့က စီးပွားရေးအရ ပါဝင်ပတ်သက်နေသည်ဟု ဆိုကာ ယခုနှစ် အစောပိုင်းက စွပ်စွဲပြောဆိုမှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးအပတ်က KNU ထိပ်ပိုင်း ခေါင်းဆောင်အချို့ ပါဝင်လက်မှတ်ရေးထိုး ထား သည့် မောထိုတလေး တရုတ်မြို့သစ် စီမံကိန်းနှင့် ပတ်သက်သည့် စာချုပ်တစ်ခုမှာလည်း လူမှုကွန်ရက် စာမျက် နှာပေါ်တွင် ပြန့်နှံ့လာခဲ့သည်။

အဆိုပါ စာချုပ်များ ပေါ်ထွက်လာပြီးတဲ့နောက် KNU တပ်မဟာ ၅ နှင့် ကရင်အရပ်ဖက်အဖွဲ့အစည်းများက တရုတ်မြို့သစ် စီမံကိန်းနှင့် တရုတ်ရာဇဝတ်ဂိုဏ်းများ ဆက်စပ်ပတ်သက်နေသည့် လောင်းကစားရုံများတွင် ပါဝင်ပတ်သက်နေသာ KNU ခေါင်းဆောင်များကို စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်ပေးရန် KNU ဗဟိုသို့ စာပို့ တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

Most read this week

October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...
October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...