ကယား (ကရင်နီ) ပြည်၊ ဖရူဆိုမြို့နယ် အတွင်းရှိ ဆိုသယ် စစ်ဘေးဒုက္ခသည်စခန်းသည် ယခုနှစ်အတွင်း ရိက္ခာ ရရှိမှု နည်းပါးလာသည့်အတွက် စစ်ရှောင်လူထုများက စိုးရိမ်နေကြသည်။
ဆိုသယ်စစ်ဘေးရှောင်စခန်း ကူညီပေးသူ စေတနာ့ဝန်ထမ်းတစ်ဦးက “ဒါနဲ့ လူထုတွေက ကျနော်တို့ ဘာစားမလဲ ဆိုပြီးတော့ ကြိုးစားရုန်းကန်နေတာပေါ့။ အခုလောလောဆယ်တော့ သူတို့ ကိုယ့်ဘာသာကို နည်းနည်း ရပ်တည် နိုင်သေးတာပေါ့၊ ကြာလာရင်တော့ ဘာစားမလဲဆိုပြီး စိုးရိမ်နေကြတာပေါ့နော်” ဟု ပြောသည်။
ဆိုသယ် စစ်ဘေးရှောင်စခန်းတွင် ကျေးရွာပေါင်း ၆ ရွာက စုစုပေါင်း လူဦးရေ ၉၀၀ ခန့် ခိုလှုံနေကြသည်။
စစ်ဘေးရှောင်အချို့မှာမူ တိုက်ပွဲများ၊ မိုင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများအပြင် စစ်တပ်၏ အချိန်မရွေး ဖမ်းဆီး သတ်ဖြတ်ခံရနိုင်သည့် အန္တရာယ်များကြားက နေရပ်ပြန်ကာ စိုက်ပျိုးလုပ်ကိုင်နေသူများပင် ရှိနေသော်လည်း လုံလောက်မှု မရှိဘူးဟု ဆိုကြသည်။
ဖရူဆိုမြို့နယ်ထဲသို့ စစ်ရှောင်လာကြသည့် စစ်ဘေးရှောင်များက အချို့မှာ ကိုယ်တိုင် စိုက်ပျိုးလုပ်ကိုင်သည့် အခြေအနေမျိုး မရှိသည့်အတွက် အိမ်ထောင်စုအချို့က ရိက္ခာပြတ်လပ်မှုများပင် စတင်ကြုံနေရသည်ဟု ဆိုကြသည်။
ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း နေရာ (၁၅) နေရာ အထိ ရှိနေပြီဖြစ်ပြီး အများစုက ယခုနှစ်အတွင်း ရိက္ခာ ရရှိမှု နည်းပါးလာသောကြောင့် စိုးရိမ်နေကြသည်။
ဖရူဆိုစစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက “ကူညီပေးတဲ့ ဘာသာရေးအဖွဲ့ တစ်ခုက လည်း တကယ်အခက်အခဲရှိနေတဲ့ သူတွေလာ တောင်းလို့ရတယ်လို့ ပြောတယ်။ သူတို့တစ်ဖွဲ့ပဲ ရှိတော့တယ်။ သူတို့ကလည်း လစဉ်မပေးတော့ဘူး။ လုံးဝ စားဖို့မရှိတော့ဘူး ဆိုရင် လာတောင်းလို့ ရတယ် ဆိုပြီးပြောတယ်” ဟု ပြောသည်။
ယခင်နှစ်များက တစ်လ တစ်ကြိမ်နီးပါး အလှူရှင်များက စားနပ်ရိက္ခာများ လာရောက်ပေးလှူမှုများ ရှိခဲ့သော် လည်း ယခုနှစ်မှာတွင်မူ ၄ လတစ်ကြိမ်၊ ၆ လ တစ်ကြိမ်ခန့်သာ ရိက္ခာအချို့ လာရောက်ပေးလှူမှုများ ကြောင့် စစ်ရှောင်ပြည်သူများ အခက်အခဲဖြစ်နေကြသည်။
ယခုနောက်ပိုင်း စစ်ရှောင်စခန်းများတွင် ရိက္ခာပြတ်တောက်မှုများ မကြာခဏ ကြုံတွေ့လာနေရပြီး အလှူရှင်များ လည်း မလာရောက်နိုင်တော့သည့် အဓိကအကြောင်းအရင်း စစ်တပ်၏ တားဆီးပိတ်ဆို့မှုများ၊ စစ်ဆေးရေး တင်းကြပ်မှုများအပြင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုကြသည်။