ရေကြီးခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးတွင် ရေပြန်ကျသွားပြီ ဖြစ် သော်လည်း ရွှံ့နွံများတင်ကျန်ခဲ့မှုကြောင့် နေထိုင်ရေးခက်ခဲနေကြသည်။
ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့၊ ညနေပိုင်းမှစတင်ကာ မိုးရွာသွန်းမှုနည်းပါးသွား၍ ကုလားတန်မြစ်ရေမှာလည်း လျော့ကျသွားကာ ယမန်နေ့သြဂုတ်လ ၉ ရက်နေ့ကတည်းက ရေတဖြည်းဖြည်း ကျဆင်းသွားခြင်း ဖြစ်သည်။
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာသားတစ်ဦးက “ရေကျသွားပြီ။ မနေ့ကနေ တဖြည်းဖြည်းကျ နေ တာ။ ဒီမနက်အရုဏ်မှာတော့ အကုန်ကျသွားပြီ။ မိုးကမရွာတော့ဘူးလေ။ မိုးရွာရင် မြစ်ရေတိုးပြီး ရေကြီးတာ။ မိုးနည်းသွားတော့ ရေလည်း ပြန်ကျသွားတာပေါ့” ဟု ပြောသည်။
ယနေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် ရေအကုန်လျော့ကျသွားပြီ ဖြစ်ပြီး မဟာမြတ်မုနိဘုရားအနီးရှိ ရေမြုပ်နေ သည့် ကျေးရွာများမှာလည်း ရေကျသွား၍ ရွာထဲတွင် သွားလာ၍ရနေပြီဟု သူက ဆက်ပြောသည်။
ထို့အပြင် ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ကြောင်းအနီးရှိကျေးရွာများနှင့် ယိုးချောင်းအတွင်းရှိ ကျေးရွာ များတွင်လည်း ရေပြန်ကျသွားပြီဟု ဆိုသည်။
ကားသမားဦးခင်မောင်က “ကျောက်တော်မြို့နယ်အစအဆုံး ကားလမ်းတစ်လျှောက်လှမ်းမြင်ရတဲ့ ရွာတိုင်းနီးပါး ရေကျသွားပါပြီ။ ကုလားတန်မြစ်ရေလည်း လျော့ကျသွားတယ်။ မြစ်ကြောင်းအနီးကရွာတွေလည်း ရေခမ်း သွား ပါပြီ။ ရွာတွေအကုန်လုံးနီးပါး ရေခမ်းပါပြီ” ဟု ပြောသည်။
လက်ရှိတွင် ရေကျဆင်းသွားသော်လည်း ရေမြုပ်ခဲ့သည့် ကျေးရွာများမှ နေအိမ်များတွင် ရွှံ့နွံများတင်ကျန်ရစ်ခဲ့ ၍ နေရေးထိုင်ရေးအခက်အခဲဖြစ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက “ရေခမ်းသွားတော့ ရွှံ့နွံတွေတင်ကျန်ခဲ့တယ်။ အိမ်ထဲမှာကော့ ရေမြုပ်သွားတဲ့အခန်းတွေမှာရောပဲ။ အဲ့ဒါတွေကို ရေခပ်ပြီးဆေးချနေရတယ်” ဟု ပြောသည်။
ရခိုင်တွင် မုန်တိုင်းငယ် အရှိန်ကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အထိ အဆက် မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ကျောက်တော်မြို့နယ်တွင် ကုလားတန်မြစ်ရေတိုးကာ မြို့နယ်အတွင်းရှိ ကျေးရွာအားလုံးမှာ ရေကြီး၊ ရေမြုပ်ခဲ့ခြင်းဖြစ်သည်။