ကရင်ပြည်နယ်တွင် မြစ်၊ ချောင်းများ ရေကြီးရေလျှံမှုကြောင့် ကျေးရွာအမြောက်အများ ရေလွှမ်းမိုးမှုဖြစ်

ကရင်ပြည်နယ်တွင် မြစ်၊ ချောင်းများ ရေကြီးရေလျှံမှုကြောင့် ကျေးရွာအမြောက်အများ ရေလွှမ်းမိုးမှုဖြစ်

ဒုတိယဝါဆို ယခုဩဂုတ်လတွင် မိုးအဆက်မပြတ်ရွာသွန်းသည့်အတွက် ကရင်ပြည်နယ်တွင်း မြစ်၊ ချောင်းများ ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ ကျေးရွာအမြောက်အများနှင့် ရွာချင်းဆက်လမ်းတံတား အများအပြား ရေနစ် မြုပ်မှုဖြစ် ပေါ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ဖားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနှင့် လှိုင်းဘွဲမြို့များရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် လူနေအိမ် များနစ်မြှုပ်သည့်အတွက် ဒေသခံပြည်သူအများအပြား နေရာပြောင်းရွှေ့နေထိုင်ရသလို အချို့ကျေးရွာများတွင် လည်း ရေနစ်မြုပ်နေသည့်အတွက် နီးစပ်ရာ ကုန်းအမြင့်ပိုင်းရှိ ဘုန်းကြီးကျောင်းနှင့် အသိမိတ်ဆွေအိမ်များတွင် သွားရောက် တိမ်းရှောင်ခိုလှုံနေထိုင်ကြရသည်။

သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ဒေသခံတစ်ဦးက “မနေ့ကတည်းက သံလွင်မြစ်ရေကျော်ပြီး သံလွင် အနောက် ဘက်က ရွာတွေထဲမှာ ရေစဝင်တာ။ ဒီမနက်က ပိုဆိုးလာတယ်၊ အခြေအနေစောင့်ကြည့်ရမယ်။ သတိတော့ ထားရမယ်။ ဒါတောင် အထက်ဘက်က ရေတွေအောက်ဘက်အကုန်မရောက်သေးဘူး။ ရေကြီးဖို့ရှိ အုံးမယ် ထင်တယ်။ ဒီဘက်က လယ်တွေကအကုန်ရေအောက်ရောက်ကုန်ပြီး” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြို့တွင်း မြေနိမ့်ပိုင်းရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် ရေလွှမ်းမိုးမှု တစ်ပတ်ကျော်ကြာနေပြီးဖြစ် သည့်အတွက် လက်လုပ်လက်စားပြည်သူများမှာ အလုပ်အကိုင်အခက်အခဲရှိလာ၍ စားဝတ်နေရေး အတွက် အခက်အခဲရှိလာသည်ဟု ဖားအံမြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။

“မြို့မှာတော့ ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတော့ စီးပွားရေးအဆင်မပြေတဲ့သူတွေ၊ တခြားနေရာသွားနေဖို့ အသိမိတ်ဆွေမရှိတဲ့လူတွေကတော့ သွားနေတယ်။ ဇာသပြင် သံလှယ်ဘက်က တချို့ဆိုရင် အိမ်ခေါင်မိုးပဲ ပေါ် တော့တယ်၊ ရေမြုပ်တာကြာပြီး။ ရေကြီးတော့ ဘာအလုပ်မှလုပ်လို့မရဘူး။ စီးပွားရေး အဆင်မပြေတဲ့ကြား ကလမ်းတွေလည်း တော်တော်များရေကျော်တော့သွားလာလို့မရဘူး” ဟု ၎င်းဒေသခံက ပြောသည်။

ယနေ့ဩဂုတ်လ ၈ရက်နေ့တွင် ဖားအံ-ဇာသပြင်လမ်း၊ ဖားအံ- သထုံလမ်း၊ ဖားအံ-ရှမ်းရွာသစ်လမ်းစ သည့် နေရာများတွင် မော်တော်ယာဉ်ငယ်များသတိဖြင့် ဖြတ်သန်းသွားလာနေရသလို တောင်ကျရေကြောင့် ရှမ်းရွာ သစ်မြို့တွင်လည်း တံတားတစ်စင်း ပျက်ကျသွားသေးသည်ဟု ဒေသခံများက ပြောသည်။

ကရင်ပြည်နယ်၏ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းတွင် လည်း ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့က မြေပြိုကျမှုဖြစ်ပွားသည့်အတွက် ကားများသွား လာ၍မရတော့သလို နဘူး-ထို့ကော်ကိုးဘက်တွင်လည်း တောင်ကျချောင်းရေကြောင့် လမ်းပိုင်း ၃ နေရာ ရေတိုက်စားကာ လမ်းပျက် သွားသည့်အတွက် လက်ရှိအချိန်တွင် မြဝတီတောင်ပေါ်လမ်းဟောင်းကိုသာ မော်တော်ယာဉ်ငယ်များ သတိဖြင့် သွားလာနေကြရသည်။

မိုးလေဝသ၏ ဇလဗေဒဦးစီးဌာန၏ ဩဂုတ်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ဖားအံသံလွင်မြစ်ရေသည် မြစ်ရေ စိုးရိမ်ရေမှတ်အထက် ၈၉၂ စင်တီမီတာရှိပြီး မြဝတီသောင်ရင်းမြစ်သည် မြစ်ရေစိုးရိမ်ရေမှတ် ၉၉၄ စင်တီမီတာ တွင်ရှိသည်။

၂၄ နာရီအတွင်း မြစ်ရေပိုကြီးလာနိုင်သလို ဩဂုတ်လ ၁၀ရက်နေ့ နောက်ပိုင်းတွင် မြန်မာပြည် တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဒေသတို့တွင် မိုးနည်းလာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...
October 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး...
October 29, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့၏...
October 29, 2024
မြဝတီ-ကေ့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းဘက်သို့စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်း၊...