ထိုင်း-မြန်မာကုန်သွယ်ရေးလမ်း ပြတ်တောက်မှုကြောင့် ကုန်ပစ္စည်းရှားပါးမှုနဲ့ ဈေးနှုန်းကြီးမှုဒဏ် ထပ်ကြုံရနိုင်

ထိုင်း-မြန်မာကုန်သွယ်ရေးလမ်း ပြတ်တောက်မှုကြောင့် ကုန်ပစ္စည်းရှားပါးမှုနဲ့ ဈေးနှုန်းကြီးမှုဒဏ် ထပ်ကြုံရနိုင်

ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းမကြီးဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း ပြတ်တောက်မှု ကြောင့် ကုန်ပစ္စည်းရှားပါးမှုနှင့် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများ ထပ်မံခံစားရနိုင်သည်ဟု နယ်စပ် ကုန်သည်များနှင့် ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။

ကရင်ပြည်နယ်ထဲ သြဂုတ် ၇ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကုန်သွယ်ရေး အချက်အချာ အကျဆုံး ဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမ၊ တောနော် ရေတံခွန်အနီးနေရာတွင် ကားလမ်းအောက်ခံ မြေသား မြေပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သည်။

ထို့အပြင် ယခင်လမ်းဟောင်းဟု လူသိများသည့် ကော့ကရိတ်-မြဝတီ ဒေါနတောင်လမ်းမှာလည်း မြေပြိုမှုများ ရှိနေသောကြောင့် ကုန်တင်ကားများ သွားလာ၍ မရသလို ထို့ကိုကိုးလမ်းကလည်း မိုးရွာသွန်းမှုကြောင့် လမ်းပိုင်း ပျက်စီးသွားရာ သွားလာရေး အခက်အခဲဖြစ်နေကြသည်။

နယ်စပ်ကုန်သည်တစ်ဦးက “(၃)လမ်းရှိတယ်။ အခု (၂)လမ်းပျက်တာပေါ့။ အရင်တောလမ်း လမ်းဟောင်းလည်း သွားလို့မရဘူး။ ဆိုင်ကယ်တောင် သွားလို့မရဘူး။ ဘယ်လမ်းမှမရဘူး၊ ထို့ကိုကိုး လမ်းတစ်လမ်းဘဲရှိတယ်။ ထို့ကိုကိုးလမ်းကလည်း မိုးရွာရင် သွားလို့မရဘူး။ ဗွက်ထတယ်၊ စလစ်ဖြစ်တယ်၊ လမ်းကသွားလာလို့တော့ ရ တာပေါ့။ ဒါပေမယ့် အရမ်းဒုက္ခရောက်တာပေါ့။ လက်ရှိကကုန်သည်တွေမှာတော့ ပစ္စည်းကကျန်တယ်။ ဒါပေ မယ့် အဲဒီဟာကိုပဲ နည်းနည်း ဈေးတင်ပြီး ရောင်းမှာပေါ့။ ကုန်စည်ကစီးဆင်းမှု အခြေအနေ မကောင်းတဲ့အခါ ဆိုတော့လေ။ ဒီအချိန်က ဈေးတက်ပြီပေါ့။ ဒါကထုံးစံပဲလေ၊ ပစ္စည်းရှိတဲ့သူတွေက တော့ ဈေးတင်မှာပေါ့၊ အော်မှာပေါ့။ လမ်းက ပစ္စည်းသွင်းလို့မှမရတာ” ဟု ပြောသည်။

ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းပိုင်းများ သွားလာရန် ခက်ခဲနေသည့်အတွက် ကုန်စည်စီးဆင်းမှု လုံးဝရပ်တန့် သွားပြီးနောက် ကုန်ဈေးနှုန်းများ ချက်ချင်း ခုန်တက်လာသည်ဟု ကုန်သည်များက ဆိုကြသည်။

ကုန်သွယ်ရေးလမ်းပိုင်း ပြတ်တောက်မှုကြောင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ရပ်တန့်သွားခဲ့ပြီး ကုန်ပစ္စည်းအချို့  ဈေးနှုန်းအဆမတန် မြင့်တက်လာသလို အချို့ကုန်ပစ္စည်းများမှာ ဈေးမဖွင့်နိုင်သည့် အခြေအနေ အထိ ဖြစ်နေသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံထုတ် စားသုံးဆီ ၁၀ ပိဿာပုံး တစ်ပုံးကို ကျပ် ၇၀,၀၀၀ ကျော်ကနေ ကျပ် ၈၀,၀၀၀ အထိ ဈေးနှုန်း မြင့်တက်လာပြီး ခေါက်ဆွဲခြောက် တစ်ဖာကို ကျပ် ၂၀,၀၀၀ ကျော်၊ ကျန်ကုန်ပစ္စည်းများမှာလည်း အမျိုးအစား အပေါ် မူတည်၍ ကျပ် ၃,၀၀၀ ကနေ ၁၀,၀၀၀ ကျော်အထိ ဈေးနှုန်းထိုးတက်လာသည်။

ထိုင်းကုန်ပစ္စည်း လက်လီရောင်းချသူတစ်ဦးက “ကားလမ်းပျက်သွားတော့ လောလောဆယ်ဈေးတွေက အားလုံး မြောက်ကုန်တာပေါ့။ ပေါက်ဈေးရယ်လို့ မရှိတော့ဘူး။ ကားခကတိတိကျကျ မသိသေးတော့ ပစ္စည်းဈေးနှုန်း တွေကို သူဘာသူခေါ်နေကြတယ်။ ကားခအပေါ် မူတည်ပြီးတော့ ဈေးတွေကတက်မှာပဲ။ တချို့ပစ္စည်းတွေက တော့ တစ်ပါကင်ကို (၆၀၀၀)လောက်တက်တယ်။ လက်ကားရောင်းသမားတွေက မှန်းပြီးတင်ကြတော့ အဲဒီ အပေါ်မှာ ကျွန်တော်တို့က လိုက်မှီပြီးတော့ ရောင်းရတာပေါ့။ ဒါပေမယ့် ဒီနေ့ကတော့ ဈေးအမှန်မသိဘူးပေါ့ နော်။ ပစ္စည်းမလာတော့ လူတွေက ကိုယ့်ဘာကိုမှန်းပြီးတော့ ရောင်းနေကြတာပေါ့နော်” ဟု ပြောသည်။

ထိုင်းကုန်ပစ္စည်းများသည် လမ်းကြောင်းပြင်ဆင်မှု ပြီးစီးသည့် အခြေအနေပေါ် မူတည်ကာ ကုန်ပစ္စည်း ဝင် ရောက်မှုက ကြန့်ကြာနိုင်ပြီး ကုန်ပစ္စည်းဝင်ရောက်မှု ကြန့်ကြာပါက ဒေသတွင်းထိုင်းကုန် ပစ္စည်း ပြတ်လပ် သွားသည်အထိ ရှိလာနိုင်ကြောင်း နယ်စပ်ကုန်သွယ်ရေး ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

အာရှလမ်းပိုင်း ပြတ်တောက်မှုကို သြဂုတ်လ ၇ ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ ဆောက်လုပ်ရေး ဦးစီးဌာနက လာရောက်ကြည့်ရှု့သွားသော်လည်း ယနေ့အချိန်အထိ လာရောက်ပြင်ဆင်ခြင်း မရှိသေးသလို ယာ ယီဘေလီတံတားထိုးဖို့ပင် ခက်ခဲသည့် အခြေအနေမျိုး ဖြစ်သည်ဟု ခရီးသွားများ၏ ပြောဆိုချက်အရ သိရသည်။

ထိုင်းနိုင်ငံမှ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကနေ မြန်မာနိုင်ငံကို စားသောက်ကုန်၊ အထည်အလိပ်၊ အလှ ကုန်၊ စက်ယန္တရားများ အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို အဓိကတင်သွင်းနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံကလည်း ထိုင်းနိုင်ငံထဲကို ပြောင်း၊ ဆန်ကွဲနှင့် ရေထွက်ကုန်များကို အဓိက တင်ပို့ရောင်းချနေကြ ခြင်း ဖြစ်သည်။

ထိုင်း- မြန်မာ နှစ်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးမှ အမေရိကန် ဒေါ်လာ သန်းပေါင်း ၆၀၀၀ နီးပါး ကုန်သွယ်နိုင်ခဲ့သည်ဟု စစ်ကောင်စီ၏ ကုန်သွယ်မှုဦးစီးဌာနမှ ထုတ်ပြန်ချက် များ အရ သိရသည်။

October 30, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ...
October 29, 2024
မွန်ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာသယ်ယူခွင့်ကို စစ်ကောင်စီဘက်က...
October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...
October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...