စစ်အာဏာရှင် အမြတ်ပြုတ်ရေး တော်လှန်ရေးတွင် ပြန်ပြီးနောက်လှည့်စရာ အကြောင်းမရှိသလို တွေဝေစရာ လည်း မရှိဘူးဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအမြဲတမ်းကော်မတီအဖွဲ့ဝင် ပဒိုစောတောနီးက ထုတ် ဖော် ပြောဆိုလိုက်သည်။
လက်ရှိ နိုင်ငံရေးအနေအထားများနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU နိုင်ငံခြားရေးဌာန တာဝန် ခံ လည်းဖြစ်၊ ဗဟိုအမြဲတမ်းကော်မတီအဖွဲ့ဝင်လည်း ဖြစ်သူ ပဒိုစောတောနီးက ဩဂုတ်လ ၇ ရက်နေ့တွင် ပြော ဆိုလိုက်ခြင်း ဖြစ်သည်။
“ထုတ်ပြန်လိုက်တဲ့ NUG နဲ့ NUCC ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ပြောရမယ် ဆိုရင်တော့ ဒါက ကျွန်တော်တို့ ရပ်တည်ချက် အခိုင်အမာ ဖြစ်ပါတယ်လို့နော်။ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်က စပြောရမလဲ ဆိုရင် လည်းပဲ ပြီးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံအရ ပေါ့နော်။ ကျွန်တော်တို့က ဒီလိုမျိုး နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဒီလိုမျိုး အခက်အခဲ အကျပ်အတည်းတွေ တွေ့ကြုံလာပြီ။ အထူးသဖြင့် ဒီစစ်အုပ်စု ဘက်က ပေါ့နော်၊ အဲဒီလိုမျိုးဆိုရင် သူတို့အမြဲတမ်းပဲ မရိုးနိုင်တဲ့ဓာတ်ပြားဟောင်းကို ပြန်ပြန်ပြီးတော့ ဖွင့်နေကြတယ်။”
ပြီးခဲ့သည့် ဩဂုတ် ၆ ရက်နေ့က နွေဦးတော်လှန်ရေးတွင် အတူတကွ လက်တွဲတိုက်ပွဲဝင်နေကြသည့် တော်လှန် ရေး အဖွဲ့အစည်းများ၏ ဘုံရပ်တည်ချက် သဘောထား ပူးတွဲထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး KNU နိုင်ငံခြားရေး ဌာန တာဝန်ခံ ပဒိုစောတောနီးက ပြောသည်။
“ဆိုလိုတာက အထူးသဖြင့် ကျွန်တော်တို့တွေ့ မြင်နေရတာက ဘာလဲဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားတွေကို သူတို့လိုရင်လိုသလိုပဲ သူတို့ဖမ်းဆီးထားပြီးတော့ သူတို့ကြိုက်တဲ့အချိန်မှာ သူတို့ကစားနေကြတဲ့ အကွက်တွေ ပေါ့နော်။ ဒီအကွက်တွေက မနေ့တနေ့က ပေါ်တဲ့ကိစ္စတွေမဟုတ်ဘူး။ လုပ်လာတာလည်းကြာပြီ။ ကျွန်တော်တို့ သက်တမ်းတစ် လျှောက်မှာလည်း အခါပေါင်းမနည်းတော့ဘူး။ အဲဒါတွေက ကျွန်တော်တို့ဘယ်လိုမှ လက်ခံလို့ မရတဲ့အနေအထားမှာ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ထုတ်ပြန်ချက်ဟာ တကယ်ရှင်းလင်းပြတ်သားပါတယ်။ ကျွန်တော်တို့က ဘယ်တော့မှ ဒီလိုကိစ္စနဲ့ပတ်သက်ပြီး တွေဝေနေစရာအကြောင်းလည်းမရှိဘူး၊ ပြန်ပြီး နောက် လှည့်စရာ အကြောင်းလည်းမရှိဘူး။”
ထို့အပြင် စစ်ကောင်စီ၏ လုပ်ဆောင်နေကျအတိုင်း မက်လုံးပေးပြီး အခွင့်အရေးများ ပေးအပ်လာသည့် အပေါ် မိမိတို့ အဖွဲ့အစည်း၏ ဘုံရည်မှန်းချက်နှင့် လုံးဝဆန့်ကျင်ကာ မည်ကဲ့သို့မှ လက်ခံနိုင်စရာ အကြောင်းမရှိသလို ပြတ်ပြတ်သားသား ငြင်းပယ်သည်ဟု ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး အနေဖြင့် လိုချင်သည့် ပန်းတိုင်ကို ဖြောင့်ဖြောင့်မတ်မတ်၊ တည့်တည့်မှန်မှန်ဖြင့် ချီ တက်သွားမှာဖြစ်ပြီး မည်သည့် အလုပ်တွင်မဆို မဟာဗျူဟာ၊ နည်းဗျူဟာ အပိုင်းများ ရှိသည်ဟု ပဒိုစောတောနီး က ဆက်ပြောသည်။
“အဲဒီကွဲပြားနေတဲ့ အခြေအနေအောက်မှာ ကျွန်တော်တို့ ဒီလိုမျိုး ကစားနေရတာတွေကိုတော့ ဒါကကျွန်တော်တို့ အတွက် အထူးအဆန်းတော့မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ တချို့ဒေသတွေမှာ တမျိုးမြင်နေရမယ်။ တချို့ဒေသ တွေမှာတော့ ပုံစံတမျိုးနဲ့ တွေ့မြင်နေရမှာဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မဟာဗျူဟာအရတော့ စစ်အာဏာ ရှင်သာ ဘယ်အာဏာရှင် စနစ်မျိုးကိုမဆို ကျွန်တော်တို့ တိုင်းပြည်က ရှင်းထုတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်သူ အစိုးရတဖွဲ့ကိုပဲ ကျွန်တော်တို့ ပြောင်းလဲနိုင်မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ တွေ့ကြုံနေရတဲ့ အခြေအနေအရဟာ နောက်ထပ်ဒီလိုအာဏာရှင်မျိုးပဲ ပေါ်ပြီးရင်းပေါ်၊ ပေါ်ပြီးရင်ပေါ် တစ်ဖွဲ့ပြီးတစ်ဖွဲ့ မဆုံး နိုင်တဲ့ သံသရာကြီးကို လည်နေတာဖြစ်တယ်။”
ကရင်အမျိူးသား အစည်းအရုံး KNU သည် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF များ အပါအဝင် မိတ်ဖက်တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ တွန်လှန်းတိုက်ထုတ်နေသည့် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။
အာဏာသိမ်းကာလ နှစ်နှစ်ကျော်ကာလ အတွင်း KNU အုပ်ချုပ်နယ်မြေများထဲ စစ်ကောင်စီတပ်နှင့် ကရင် အမျိုး သား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ အကြား နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ်ရေ ၉၀၀၀ ကျော်အထိ ဖြစ်ပွားထားသည်ဟု KNU ၏ ထုတ်ပြန်ချက်များအရ သိရသည်။