ဖားကန့် ကသိုဏ်းတောင် စစ်တပ်စခန်းနဲ့ ဆယ်ဇင်းရှိ SNA တပ်စခန်း KIA ဘက်က သိမ်းပိုက်

ဖားကန့် ကသိုဏ်းတောင် စစ်တပ်စခန်းနဲ့ ဆယ်ဇင်းရှိ SNA တပ်စခန်း KIA ဘက်က သိမ်းပိုက်
KIA ရှေ့တန်းတစ်နေရာ
KIA ရှေ့တန်းတစ်နေရာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကသိုဏ်းတောင် စခန်းကုန်းနှင့် ဆယ်ဇင်းကျေးရွာရှိ ကြိုးတံတားအနီးက ရှမ်းနီအမျိုးသားများတပ်မတော် SNA ၏ တပ်စခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ဖားကန့်မြို့နယ်၊ နမ့်မော်ကျေးရွာနားရှိ စစ်ကောင်စီ၏ တပ်စခန်းကုန်းတစ်ခုနှင့် ကသိုဏ်းတောင် စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF က ဩဂုတ်လ ၇ ရက်နေ့၊ နံနက် ၅ နာရီအချိန်ခန့်တွင် ဝင်ရောက် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ကသိုဏ်းတောင်တပ်စခန်း တစ်ရင်းလုံးပြုတ်သွားပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်း ဆည်းရမိခဲ့သည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ် က ပြောသည်။

“ကသိုဏ်းတောင်ကို သိမ်းလိုက်နိုင်ပြီ။ နမ့်မော် တပ်စခန်းကတော့ သူတို့ ကသိုဏ်းတောင်ဘက်ကို စစ်ကူလာမှာ စိုးလို့ တားထားတဲ့သဘော။ အဓိကတော့ ကသိုဏ်းတောင်ကို တိုက်တာ။ ကသိုဏ်းတောင်ကို ၈ နာရီလောက်မှာ သိမ်းလိုက်နိုင်ပြီ။ စခန်းကိုလည်း အားလုံး မီးရှို့ ဖျက်ဆီးလိုက်နိုင်ခဲ့ပြီ ဆိုပြီး အဲ့မှာနေတဲ့သူတွေက ပြောလာ တယ်” ဟု ပြောသည်။

KIA ဘက်က သွားရောက်သွားတိုက်ခိုက်ခဲ့သည့် ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်း အနီးပတ်ဝန်းကျင်တွင် လယ်ယာလုပ်ကိုင်ကြသည့် အရပ်သားပြည်သူများကို စစ်ဆေးမှုများ၊ အခွန်ကောက်ခံခြင်းများကို  ပိုမိုဆိုးရွားစွာ လုပ်ဆောင်လာသည့်အတွက် ယခုကဲ့သို့ သွားရောက် ပစ်ခတ်တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု အဆိုပါ သတင်းအရင်းအမြစ်က ဆက်ပြောသည်။

ယနေ့ နံနက်ပိုင်း တိုက်ခိုက်ခံရမှုထဲ စစ်တပ်ဘက်က တပ်ရင်းတစ်ရင်းလုံးပြုတ်သွားသည့်အပြင် တပ်စခန်း ၂ ခုလုံးရှိ ထိခိုက်သေဆုံးသူစာရင်းနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိသည့် စာရင်းကိုမူ အတိအကျ မသိရသေး ပေ။

နမ့်မော်ကျေးရွာနားတွင် ထိုင်ထားသည့် စစ်တပ်စခန်းနှင့် ကသိုဏ်းတောင် စခန်းသည် ဖားကန့်အခြေစိုက် တပ်မ ၃၃ လက်အောက်ခံတပ်ရင်း ဖြစ်ပြီး စစ်ရေးဗျူဟာအရ အရေးပါသည့် တောင်ကုန်းများ ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“အဲ့ နမ့်မော်ဆိုတာကလည်း စစ်ဗျူဟာအရ အရေးပါတဲ့နေရာဖြစ်တယ်။ အဲ့ကနေ ဆိုင်းတောင်ရွာကို လွမ်းမိုး နိုင်တဲ့ အမြင့်မှာရှိထားတာ။ ဆိုင်းတောင်ရွာရဲ့ တောတစ်ခြမ်းကို ကာထားတာ။ နမ့်မော်ရဲ့ဟိုဘက်မှာ ကသိုဏ်း တောင် ကသိုဏ်းတောင် တစ်ဖက်ဆိုရင် တောတွေပဲ ရှိတော့တယ်။ စစ်ရေးအရဆိုရင် တာမခံ၊ ဟောင်ပါးကို ဖြတ်တောက်နိုင်တဲ့နေရာဖြစ်တယ်” ဟု ပြောသည်။

နှစ်ဖက်ပစ်ခတ်မှု တိုက်ပွဲသည် ယနေ့ နံနက် ၈ နာရီအချိန်ခန့်အထိ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဖားကန့် ဗျူဟာကုန်းဘက်မှ လက်နက်ကြီး အလုံးရေ ၃၀ ကျော်ခန့် ပစ်ကူခဲ့သည်ဟု ဆိုကြသည်။

အလားတူ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှိ ကြိုးတံတားအနီးက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ယနေ့ နံနက် ၆ နာရီဝန်းကျင် အချိန်ခန့်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “ဒီမနက် စခန်း ၂ခုစလုံးကို သိမ်းနိုင်တဲ့အခြေနေဟုတ်တယ် ကသိုဏ်းရော ဆယ်ဇင်းက SNAစခန်းရော သိမ်းလိုက်တယ်ဆိုတာ မှန်ပါတယ်” ဟု ပြောသည်။

SNA တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာတွင် SNA မှ အရာရှိ ၃ ဦးနှင့် သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိသွားသည်ဟု ဒေသခံများ ပြောဆိုနေကြသော်လည်း အဆိုပါ အချက်အလက်ကိုမူ KNG သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

KIA ဘက်မှ ယနေ့ နံနက် တစ်ရက်တည်းမှာပင် ဖားကန့်မြို့နယ်အတွင်းရှိ နမ့်မော်၊ ကသိုဏ်းတောင် စစ်ကောင်စီ တပ်စခန်းတို့အပြင် ဆယ်ဇင်းရှိ SNA စခန်းကိုပါ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကသိုဏ်းတောင် တပ်စခန်းဘက်ကို စစ်ကူအနေဖြင့် ဝင်ရောက်လာမည့် စစ်ကောင်စီတပ်နှင့် SNA တပ်ဖွဲ့များကို တားဆီးသည့် အနေဖြင့် သွား ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်များက ဆိုသည်။

ယနေ့ နံနက် တိုက်ပွဲဖြစ်ပွားခဲ့သည့် နမ့်မှော်ကျေးရွာ စခန်းကုန်းနှင့် ကသိုဏ်းတောင်စခန်းကုန်းတို့သည် ဖားကန့် မြို့နှင့် ၁၀ မိုင်ကျော်ခန့်သာ ဝေးပြီး အင်အား ၆၀ ဝန်းကျင်ရှိသည်။

Most read this week

October 30, 2024
ကချင်အထူးဒေသ (၁) ဖီမော်မြို့ နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့...
October 28, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန်  KBC ဘုရားကျောင်းကို...
October 24, 2024
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ပန်ဝါမြို့ကို တရုတ်အစိုးရက...
October 24, 2024
ဗန်းမော်မြို့ နယ် နဲ့ မိုးမောက်မြို့နယ်ကြား အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်တပ်နဲ့...