စစ်ကောင်စီ လွတ်ငြိမ်းခွင့်တွင် AA သံသယဖြင့် ဖမ်းဆီးတရားစွဲခံရသူ ၆၁ ဦးအထိ လွတ်မြောက်လာ

စစ်ကောင်စီ လွတ်ငြိမ်းခွင့်တွင် AA သံသယဖြင့် ဖမ်းဆီးတရားစွဲခံရသူ ၆၁ ဦးအထိ လွတ်မြောက်လာ
သြဂုတ် ၂ ရက်နေ့တွင် စစ်တွေထောင်မှ လွတ်မြောက်လာသူများအားတွေ့ရစဉ်။
သြဂုတ် ၂ ရက်နေ့တွင် စစ်တွေထောင်မှ လွတ်မြောက်လာသူများအားတွေ့ရစဉ်။

စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs)နှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံး စစ်ဆေးဆဲ အမှုများကို ပိတ်သိမ်းပြီး လွတ်ငြိမ်းခွင့် ပေးလိုက်ရာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် အမှု ရင်ဆိုင်နေရသူ ၆၁ ဦးပါဝင်သည်။

လွတ်လာသူ  ၆၁ ဦးအထဲတွင် စစ်တွေမှ ၁၂ ဦး၊ ကျောက်ဖြူမှ ၁ဝ ဦး၊ သံတွဲမှ ၁၆ ဦး၊ ဘူးသီးတောင်မှ ၉ ဦး၊ ကျောက်တော်မှ ၂ ဦး၊ တောင်ကုတ်မှ ၃ ဦး၊ မောင်တောမှ ၄ ဦးနှင့် အမ်းမှ ၅ ဦးတို့ ဖြစ်ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီက ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ရခိုင်ပြည်နယ် အစိုးရအာဘော်များကို ဖော်ပြသည့် ရခိုင်နေ့စဉ် ထုတ်ပြန်ချက်တွင် “၁ - ၈ - ၂၀၂၃ ရက်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း ရခိုင်ပြည်နယ်အတွင်းရှိ တရားရုံးများတွင် တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်သူ ၆၁ ဦးတို့၏ ပြစ်မှုဆိုင်ရာ အမှု များကို ပိတ်သိမ်း၍ အချုပ်များမှ ယနေ့ညနေ ၆ နာရီတွင် ဖော်ပြပါမြို့နယ်များအလိုက် ပြန်လည် စေလွှတ်လိုက် ကြောင်း သတင်းရရှိသည်” ဟု ဖော်ပြထားသည်။

သူတို့ထဲတွင် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊ ၁၇(၂) အပါအဝင် နိုင်ငံတော်ဆူပူ လှုံဆော်မှု ဆိုင် ရာပုဒ်မ ၅၀၅-ကဖြင့် တရားရင်ဆိုင်နေရသူများလည်း ပါကြောင်း နီးစပ်သူများက ဆိုသည်။

ယခု ၆၁ ဦးထဲတွင် တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှ သွားဆရာဝန် ဒေါက်တာကျော်သူရထွန်း၊ စစ်တွေမှ ဦးခင်မောင်ကျော်၊ သံတွဲမှ လူမှုရေး လှုပ်ရှားသူနှင့် တေးရေးဆရာ ကိုစန်းကို၊ ကျောက်တော်မြို့ ကဝိရတနာ စစ်ရှောင်စခန်းမှ အရပ်သားဆေးဆရာ ဦးကျော်ဟိန်းနှင့် ကျောက်တော်မြို့နယ် သရက်တပင် ကျေးရွာမှ ဦးမောင်စောသာတို့လည်း ပါဝင်ခဲ့သည်။

စစ်ကောင်စီက သြဂုတ်လ ၁ ရက်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၇၇၄၉ ဦးတို့ကိုလည်း ပြစ်ဒဏ် လျှော့ပေါ့ကာ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ထို့အပြင် နိုင်ငံတော် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစု ကြည် တို့ကိုလည်း ပြစ်ဒဏ်များ လျော့ပေါ့သက်သာခွင့်ပြုခဲ့သည်။

အလားတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးကိုလည်း လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား အကျဉ်း သူ/သား ၁၂၅ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးခဲ့သည်။

နိရဉ္စရာသတင်းဌာနမှ ဩဂုတ်လ ၂ ရက်နေ့ ညနေက AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ ၅၅ ဦး လွတ်မြောက်လာကြောင်း ရေးသားဖော်ပြခဲ့ပြီး နောက်ထပ် ၆ ဦး လွတ်လာသဖြင့် စုစုပေါင်း ၆၁ ဦး လွတ် မြောက် လာခြင်း ဖြစ်သည်။

Most read this week

October 29, 2024
စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်း တင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊...
October 29, 2024
ရခိုင်ပြည်၊ အမ်းမြို့ပေါ်မှာ စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများ ဆန်အပါအဝင်...
October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...