KNU တပ်မဟာ ၂ စစ်ရှောင်များ အရေးပေါ် အကူအညီလိုအပ်နေ

KNU တပ်မဟာ ၂ စစ်ရှောင်များ အရေးပေါ် အကူအညီလိုအပ်နေ

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၂ တောင်ငူခရိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက် ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေရာထိုင်ခင်းအတွက် အကူ အညီများ အရေးပေါ် လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေး နေသူများက ပြောသည်။

KNU တပ်မဟာ ၂ တောင်ငူခရိုင် ယာဒိုဒေသအတွင်းတွင် ဇူလိုင်လ ၁၁ ရက်မှ ၂၃ ရက်နေ့အထိ ဖြစ် ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် စားနပ်ရိက္ခာ အပြင် အဖက်ဖက်က အကူအညီများ လိုအပ်နေသည်ဟု ဒေသအတွင်းက စစ်ဘေးရှောင်များကို ကူညီပေးနေ သည့် အမျိုးသားတစ်ဦး က ပြောသည်။

“အခုလက်ရှိ လက်တလောဖြစ်နေတဲ့ စစ်ရှောင်တွေပေါ့နော။ အဲဒါကိုလည်း တစ်ချက် ကူညီပေးပါပေါ့နော။ ကျနော်တို့ ဆန်ရိက္ခာ အခက်အခဲဖြစ်မယ်။ တောထဲ တောင်ထဲမှာ နေတာဖြစ်တဲ့အတွက် ကျနော်တို့ အခုအချိန် ဆို မိုးရာသီဖြစ်တဲ့အတွက် ခြင်ကိုက်တာတို့ ခြင်ထောင်တို့ ဒီ မိုးကာတို့ပေါ့နော အဲလိုမျိုးလေးတွေ အဲဒါ လတ် တလော အရေးပေါ်လိုအပ်ချက်အရ ကူညီပေးဖို့အတွက် မေတ္တာရပ်ခံချင်တာပေါ့နော်။”

တိုက်ပွဲများကြောင့် ယာဒိုဒေသအတွင်းက ကလေထ၊ တပ်ကုန်း၊ ဝါသောခို၊ ဝါဘန်းခို၊ ပရယ်ဆော်၊ လိုရာဒို၊ ကာပရူး စသည့် ကျေးရွာများမှ ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ၎င်းတို့နှင့် နီးစပ်ရာ ဆွေမျိုးများထံတွင် သွား ရောက်ခိုလှုံ နေရသူများရှိသလို အချို့မှာ တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရကြပြီး စာနပ်ရိက္ခာ အပြင် နေထိုင်ဖို့ နေရာထိုင်ခင်းအတွက် အမိုးအကာ၊ ဆေးဝါးတို့ အရေးအပေါ် လိုအပ်နေသည်ဟု ဆိုသည်။

ထို့အပြင် အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီတပ်က ရိက္ခာသယ်ယူ ပို့ဆောင်နေသည့် လမ်းကြောင်းကို ပိတ်ထားသည့်အတွက် စစ်ဘေး ရှောင်များအတွက် ရိက္ခာရရှိရေးမှာလည်း အခက်အခဲများစွာ ရှိသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဆိုပါ အမျိုးသားက ဆက်ပြောသည်။

“စစ်ဘေးရှောင်ကတော့ ဒီအနေအထားနဲ့ဆိုရင်တော့ စစ်ဘေးရှောင်ပိုပြီးတော့ တိုးလာမယ်။ နောက်ပြီး စား နပ်ရိ က္ခာတွေ ပိုပြီးတော့ ကြပ်တည်းလာမယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီလမ်းကြီးက ပိတ်ဆို့ထား တာကိုး တောင်ငူ - လိပ်သို - ဒီ လွိုင်ကော်လမ်းပေါ့နော။ အဲဒီလွိုင်ကော်လမ်းပေါ်မှာရှိနေတဲ့ ဒီယာဒိုပေါ့နော။ အဲဒီ ယာဒိုက လက်တလောမှာ ပိတ်ဆို့ ထားတော့ ရိက္ခာပိုင်းဆိုင်ရာ ပိတ်ဆို့ထားတော့ စစ်ရှောင်တွေအနေနဲ့ တော် တော်လေး အခက်အခဲ ဒီထက်ပိုပြီးတော့ ဖြစ်လာမယ်လို့တော့ ထင်ပါတယ်ခင်ဗျာ။”

ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ယာဒိုဒေသက တိုက်ပွဲအတွင်းမှာ စစ်ကောင် စီတပ်က ဝါသောခိုနှင့် တပ်ကုန်းကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်ပြုလုပ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ခရစ်ယာဉ် ဘာသာရေးအဆောက်အအုံ ၂ လုံး၊ လူနေအိမ် အလုံး ၂၀ ခန့်၊ စပါးကျီ ၁ လုံး လယ်ယောမြေနှင့် စိုက်ပျိုးပင်များ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေ သည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF များနှင့် လည်း တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများထဲ နေထိုင်ကြသည့် ပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်သတ် ဖြတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ကျေးရွာထဲမှ ရွာလုံးကျွတ် ထွက်သွား ရန် မောင်းထုတ်ခြင်း၊ ကျေးရွာများထဲနှင့် ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် လုပ်ငန်းခွင်များထဲကို လက် နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်အသုံးပြုကာ ဗုံးကြဲတိုက်ခိုက် စသည်တို့ကို လုပ်ဆောင်လာခဲ့သည်။

ထိုသို့သော အခြေအနေများကြောင့် ပြည်သူများသည် စစ်ရေးပဋိပက္ခဖြစ်ပွားရာ ဒေသများမှ တစ်နေရာပြီး တစ်နေရာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်တွင် လည်း အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...