စစ်ကောင်စီတပ် ထောင်ထားသော မိုင်းထိမှန်၍ ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ

စစ်ကောင်စီတပ် ထောင်ထားသော မိုင်းထိမှန်၍ ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ

ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ်ရှိ ဝေါလေရွာမြောက်ဘက်တွင် မိုင်းပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးထိမှန် ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လ ၂၉ရက်နေ့၊ နံနက်အစောပိုင်းက ဝေါ်လေဗျူဟာ ကုန်းစခန်း ထောင်ထားသော မိုင်းထိမှန်၍ အသက် ၁၂ နှစ်အရွယ် ကလေးအပါအဝင် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA (၂၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဘူးဖောက “မိုင်းက တော့ တိုက်မိုင်းပေါ့နော်။ နင်းမိုင်းဆိုရင်တော့ ခြေထောက်ပြတ်မှာပေါ့နော်။ အခုတိုက်မိုင်းက ဝေါလေ ဗျူဟာ ကုန်းနဲ့လည်း နီးတယ်။ ရွာသားတွေက ဝေါလေရွာကပဲ။ ရွာသားတွေက မျှစ်တို့မှိုတို့ လိုက်ရှာရင်းနဲ့ ထိသွားတာ။ ၁၂ နှစ်အရွယ်မိန်းကလေး တစ်ယောက်ကတော့ စိုးရိမ်ရတယ်ပေါ့။ မြဝတီဘက်ကို ပို့ထားရတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ဇူလိုင်လ ၂၉ ရက်နေ့၊ နံနက်အစောပိုင်းတွင် ကျေးရွာအတွင်း မျှစ်ရှာ မှိုကောက်နေစဉ် စစ်ဆင်ရေးကွပ်ကဲမှု ဌာန ချုပ် - စကခ(၁၃) လက်အောက်ခံ၊ နဗဟ(၂) မှူး ဗိုလ်မှူးကြီး ကျော်ဇင်ယျ ဦးဆောင်သော ဝေါ်လေဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသည့်မိုင်း နင်းမိသောကြောင့် အောင်မင်္ဂလာကျေးရွာနေ မခင်မာအေး (၁၂) နှစ်၊ မဌေးမိုး (၁၉) နှစ် နှင့် မကောက်ချမ်း (၂၂) နှစ်တို့မှာ မိုင်းစထိမှန်ပြီး အသီးသီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNLA (၂၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဘူးဖောက ပြော သည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် ယခင်က မိုင်းထောင်ရာတွင် စခန်းနှင့် ကီလိုမီတာ ငါးဆယ် အကွာတွင်သာ ထောင်လေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် ကျေးရွာအနီးအနားထိပါ မိုင်းများထောင်လာကြောင်း ဒုဗိုလ်မှူး ကြီး စောဘူးဖောက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ ကလည်း ဝေါလေကျေးရွာ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၉ နှစ်အရွယ် ဦးကျော်သူဆိုသူသည် မီးသွေးဖုတ်ရန်သွားရာတွင် ကျေးရွာနှင့် ကိုက် (၁၀၀) အကွာအဝေး၌ စစ်ကောင်စီတပ်က ထောင်ထားသည့် တိုက်မိုင်းထိ၍ ကျောကုန်း၊ ပေါင်၊ ဦးခေါင်း၊ နား ရွက် အပါအဝင် တစ်ကိုယ်လုံးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

စစ်ရေးတင်းမာမှုရှိနေသည့် ဝေါ်လေဒေသတွင် စစ်ကောင်စီတပ် အပါအဝင် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် - KNLA၊ ကော်သူးလေတပ်မတော် - KTLA နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့တို့ လှုပ်ရှားလျှက်ရှိနေသည်။

Most read this week

October 31, 2024
ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ကယန်းအမျိုးသား...
October 31, 2024
ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများအပါအဝင် အထောက်အထားရှိပြီး နှစ်ရှည်ကြာ...
October 31, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျောက်ပုံ၊...
October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...