မြို့နယ် ၃ခုမှ AA ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်တပ်က ညအချိန် ဒရုန်းများဖြင့် ကင်းထောက်မှုလုပ်

မြို့နယ် ၃ခုမှ AA ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်တပ်က ညအချိန် ဒရုန်းများဖြင့် ကင်းထောက်မှုလုပ်
၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၂၄ ရက်တွင် စစ်ကောင်စီက သုံးစွဲနေသည့် အစ္စရေးနိုင်ငံလုပ် စစ်မြေပြင်သုံး မောင်းသူမဲ့ လေယာဉ်ငယ်တစ်စင်းအား AA က သိမ်းဆည်းရမိခဲ့စဉ်။
၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၂၄ ရက်တွင် စစ်ကောင်စီက သုံးစွဲနေသည့် အစ္စရေးနိုင်ငံလုပ် စစ်မြေပြင်သုံး မောင်းသူမဲ့ လေယာဉ်ငယ်တစ်စင်းအား AA က သိမ်းဆည်းရမိခဲ့စဉ်။

ရခိုင်ရှိ မြို့နယ် ၃ ခုမှ ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်ကောင်စီတပ်က ညအချိန် ဒရုန်းများဖြင့် ကင်းထောက်မှုများ ရှိလာနေသည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ ကင်းထောက်မှုများကို AA ထိန်းချုပ်ရာနယ်မြေများဖြစ်သည့် မြောက်ဦးမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် အစပ်နေရာများတွင် ဖြစ်ပြီး ယခုအပတ်အတွင်း၌ လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မြောက်ဦးမြို့နယ်တွင်ဆိုလျှင် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့၊ ည ၁၁ နာရီ ဝန်းကျင်က မြို့ပေါ်နှင့် မြို့အနီးရှိ တောင် တန်းများသို့ စစ်ကောင်စီဒရုန်းများ ပျံဝဲနေခဲ့သည်ဟု မြောက်ဦးနယ်မှ အမည်မဖော်လိုသူ ULA/AA နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

“အဲဒီတစ်ရက်တည်း ပျံဝဲခဲ့တာတွေ့ရတယ်။ ဒါက သူတို့(စစ်ကောင်စီ)ဘက်က စည်းမစောင့်တဲ့ပုံစံပေါ့။ နောက် ပြီးတော့ ကိုယ်တို့ မြောက်ဦးဒေသတဝိုက်မှာ ကိုယ်တို့ဘက်က တပ်စခန်းတွေကို စောင့်ကြည့်တဲ့ ပုံစံတွေပါ တယ်။ ဓာတ်ပုံတွေရိုက်မယ်။ တခြားတခြား မြောက်ဦးမြို့ပတ်ဝန်းကျင်ကို လှည့်ပြီး ပျံတယ်။ မြောက်ဦးမြို့ ပတ် ဝန်းကျင်မှာ ကျနော်တို့တပ်တွေအားလုံး အခိုင်အမာစွဲထားတာလေ။ ဒါကြောင့် ဒါဟာ ရန်စခြင်းတစ်မျိုးပဲ” ဟု ပြောသည်။

စစ်ကောင်စီ၏ ဒရုန်းများပျံသန်းကင်းထောက်ခြင်းများကို AA ဘက်က စောင့်ကြည့်နေပြီး ယခုထက် ပိုလုပ် ဆောင်လာပါက အဆိုပါဒရုန်းများကို ပစ်ချကောင်း ပစ်ချလာနိုင်သည်ဟုလည်း သူက ဆိုသည်။

အလားတူ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အစပ်ရှိ ကျေးရွာများနှင့် တောင်တန်းများကိုလည်း ဇူလိုင်လ ၂၁ ရက်နေ့ နှင့် ၂၅ ရက်နေ့ ညအချိန်တို့တွင် ၂ ညတိုင်တိုင် စစ်ကောင်စီတပ်က ဒရုန်းများဖြင့် ပျံသန်း ကင်းထောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဘူးသီးတောင်ဒေသခံတစ်ဦးက “ညဆိုရင် ၉ နာရီနဲ့ ၁ဝ နာရီအကြားလောက်ကို သူတို့က ဒရုန်းတွေနဲ့ ကင်း ထောက်တယ်လို့ ထင်ရပါတယ်။ သူတို့က ရွာအပေါ်ကနေ သွားပါတယ်။ နောက်ပြီးတော့ တောင်နားတွေဘက်ကို ပျံသွားပါတယ်” ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် နှစ်ခုနယ်စပ်ဖြစ်သည့် ရသေ့တောင်မြို့နယ်ဘက်မှ ရေကောင်း ချောင်း၊ ခရုချောင်းနှင့် ပဲသဒူစကျေးရွာများရှိပြီး ဘူးသီးတောင်မြို့နယ်ဘက်တွင် သိုင်းတပုတ်၊ သပြေဆိပ်၊ စည် တောင်၊ ကံပြင်နှင့် စပါးထားစသည့်ကျေးရွာများရှိသည်ဟု သူက ပြောသည်။

“ဒါဟာ ဒရုန်းနဲ့ကင်းထောက်နေတယ် ဆိုပြီးတော့ ကျနော်တို့တွေ စိုးရိမ်ကြောင့်ကြနေကြပါတယ်။ ဒါဟာ တစ်ခုခုဖြစ်လာမလားဆိုပြီးတော့ စိုးရိမ်နေကြပါတယ်” ဟု ဘူးသီးတောင်ဒေသခံက ဆက် ပြောသည်။

စစ်ကောင်စီနှင့် AA တို့သည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်ကတည်းက တစ်ဘက်နှင့် တစ်ဘက် နားလည်မှုဖြင့် အပစ်ရပ်စဲထားကြသည်မှာ ယခုအချိန်ထိ ဖြစ်သည်။

ယင်းသို့ အပစ်ရပ်ထားစဉ် ကာလအတွင်း စစ်ကောင်စီဘက်က AA ထိန်းချုပ်ရာ နယ်မြေများတွင် ဒရုန်းများဖြင့် ကင်းထောက်ခြင်း၊ AA ထိန်းချုပ်ရာ နယ်မြေများသို့ ဝတ်စုံနှင့် လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်ရန် ကြိုးပမ်း ခြင်း၊ ကုန်းလမ်းရေလမ်းမှတဆင့် စစ်အင်အား၊ လက်နက်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းခြင်း၊ ရခိုင်ရှိ မြို့ပေါ် များတွင် လမ်းသွားလမ်းလာများကို ယခင်ထက် ပိုမိုစစ်ဆေး တင်းကျပ်လာခြင်းနှင့် စစ်တပ်စခန်းများမှ လက် နက်ကြီး၊ လက်နက်ငယ်များ စမ်းသပ် ပစ်ဖောက်ခြင်းများတို့ကို ယခုနောက်ပိုင်း ပြုလုပ်လာသည်ဟု ဒေသခံများ က ပြောသည်။

ယင်းသို့ ပြုလုပ်လာခြင်းမှာ စစ်ကောင်စီဘက်က ကတိကဝတ်များကို ချိုးဖောက်ခြင်းဖြစ်ပြီး ယခုထက် ပိုမိုလုပ် ဆောင်လာပါက တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည်ဟုလည်း ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက မီဒီယာအချို့ကို ယခုအပတ်အတွင်း ပြောဆိုထားသည်။

October 31, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ နာဇီရွာ(ခေါ်)စက်ရုံစုရပ်ကွက်ရဲစခန်းအနီးရှိ နေအိမ်များ...
October 29, 2024
စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်း တင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊...
October 29, 2024
ရခိုင်ပြည်၊ အမ်းမြို့ပေါ်မှာ စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများ ဆန်အပါအဝင်...
October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...