ကသာ အရှေ့ခြမ်းတွင် နေအိမ်များမီးရှို့သည့် စစ်တပ်က နိုင်ငံရေး တက်ကြွသူတစ်ဦးကို သတ်ဖြတ်သွား

ကသာ အရှေ့ခြမ်းတွင် နေအိမ်များမီးရှို့သည့် စစ်တပ်က နိုင်ငံရေး တက်ကြွသူတစ်ဦးကို သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ခဲ့သည့်အပြင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကိုလည်း အပိုင်းပိုင်းဖြတ် သတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကသာမြို့နယ် အရှေ့ဘက်ခြမ်းက အင်းဒရန့်ကျေးရွာကို စစ်ကောင်စီ လက်အောက်ခံ ငါးအို ၁၂၁ တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ရွာထဲက အိမ်အလုံးရေ ၂၀ ကျော်ကို ဝင်ရောက်မီးရှို့သွားခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် အင်းဒရန့်ရွာထဲက ဒေါ်မာလွင်၊ ဒေါ်စန်း၊ ဒေါ်ခင်သိန်းလတ်၊ ဒေါ်မှန်းတင်တို့၏ အိမ်များ အပါအဝင် အိမ်ပေါင်း ၂၂ လုံးကို မီးရှို့ ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြော သည်။

“အဲ့မှာ အိမ်ခြေ ၂၀ ကျော်စာရင်းပေးခဲ့တယ်။ သော့ခတ်ထားတဲ့ဟာတွေ အကုန်ရှို့သွားတယ်။ ပါသွားတယ်။ အင်းဒရန့် ကုန်းတက်နား မော်တော်ဆိပ်အထက်နားက လက်ဖက်ရည်ဆိုင်တို့ စျေးဆိုင်တို့ရှိတယ်လေ။ အဲ့ဆိုင် တွေကိုတော့ ချန်ထားခဲ့ပြီး တံခါးပိတ်ထားတဲ့ အိမ်တွေတော့ အကုန်လောင်သွားတာ။ သူတို့က ညက ၃၀၉ ထဲ ဝင်သွားပြီဆိုတော့လေ။”

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကသာဆိပ်ကမ်း သဲခြံဆိုသည့်နေရာကို ရောက်ရှိလာပြီး ပုလွှေရွှေ မြစ်ကမ်းနား တွင် ရှိသည့် ဦးတင်လှ၏ သရက်ခြံထဲ တစ်ဖွဲ့ဝင်ရောက်လာကာ ကျန်တစ်ဖွဲ့မှာမူ အင်းဒရန့် စျေးဆိုင်တန်းနှင့် ရွာထဲက အိမ်များကို မီးရှို့သွားခဲ့ခြင်း ဖြစ်သည်။

ကသာအရှေ့ဖက်ကမ်း အင်းဒရန့်ကျေးရွာထဲသို့ ငါးအိုး ၁၂၁ စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၂၀ ကျော် ပျက်ဆီးခဲ့ပြီးနောက် အဆိုပါ စစ်ကြောင်းသည် ဇူလိုင်လ ၂၂ ရက်နေ့ ညပိုင်းတွင် ကသာ ၃၀၉ တပ်ထဲ ကို ဝင်သွားသည်ဟု ဆိုသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းက ပြီးခဲ့သည့် တစ်လခန့်တွင် ဖမ်းဆီးသွားခဲ့သော နိုင်ငံရေးတက် ကြွ လှုပ်ရှားသူ ကိုဇော်နိုင် အား အပိုင်းပိုင်းဖြတ်ကာ သတ်သွားခဲ့သည်ဟု ဆိုကြသည်။

ကိုဇော်နိုင်၏ အပိုင်းပိုင်းဖြတ် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကိုမူ ကသာအနောက်ဖက်ခြမ်းက လမ်းဂွ ပင်းမလွတ်တောတွင်း တနေရာတွင် စွန့်ပစ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “စစ်ကြောရေးကို ခေါ်သွားတာ။ အခုကျတော့ သတ်ထားခဲ့တာ။ သတ်ထားခဲ့ပြီးတော့ ခေါင်း တခြမ်း၊ ခြေထောက်တခြမ်းနဲ့ သတ်လိုက်တာ။ သတ်ပြီးတော့ အိတ်နဲ့ထည့်ပြီးတော့ လမ်းဂွ ပင်းမလွတ်တော တစ်နေရာမှာ ထားခဲ့တာ။ KIA က တွေ့ပြီးတော့ ယူသွားပြီ။ ကိုဇော်နိုင်ကို ဖမ်းပြီးသွားတော့ မနေ့တုန်းကတော့ သတ် ထား ပစ်ခဲ့တာ။ စစ်ကြောရေးမှာ မဖော်လို့နေမှာပေါ့။ အပြီးသတ်ပစ်လိုက်ပြီ။ မြဆည်းဆာနားမှာ မြို့ အဝင် မြို့အထွက်နားမှာ ဖမ်းမိသွားတာလေ။ ခေါ်သွားပြီးတော့ မနေ့ကမနက်မှာ သတ် ထားခဲ့တာလေ” ဟု ပြောသည်။

အပိုင်းပိုင်း ဖြတ်ကာ အသတ်ခံလိုက်ရသည့် ကိုဇော်နိုင်အား KIA၊ PDF အဖွဲ့တိုနှင့် အဆက်အသွယ်ရှိသူ ဖြစ်ပြီး ၎င်းတို့အတွက် သတင်းယူပေးနေသူ တစ်ဦးဖြစ်သည်ဟု စွပ်စွဲကာ ပြီးခဲ့တဲ့ ဇွန်လတွင် ဖမ်းဆီးသွားကြခြင်း ဖြစ်သည်။

ထို့နောက် စစ်ကြောရေးတွင် စစ်ဆေးခဲ့ကြပြီးနောက် ဇူလိုင် ၂၁ ရက်နေ့တွင် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

ကိုဇော်နိုင်၏ ရုပ်အလောင်းကိုမူ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ပြီးနောက် ယူသွားကြသည်ဟု ဆိုသည်။

ကသာမြို့နယ်ထဲ စစ်တပ်နှင့် KIA၊ PDF တို့အကြား ယခုရက်ပိုင်းထဲ တိုက်ပွဲဖြစ်ပွားနေခြင်းမျိုး မရှိသော်လည်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်မှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ စစ်ကြောင်းထိုးဝင်လာချိန်တိုင်းတွင်လည်း လမ်းတလျှောက်ရှိ ကျေးရွာများထဲဝင်ကာ မွှေနှောက်ရှာဖွေ ခြင်း၊ တန်ဖိုးကြီးပစ္စည်းများကို ယူသွားခြင်းမျိုး အပြင် အိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများ လုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ပြည်သူများကိုလည်း မထင်ရင် မထင်သလို မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်များ ဆက်တိုက် လုပ်လေ့ရှိသည်ဟု ဆိုကြသည်။

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...
December 17, 2024
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို...