ကန်ပက်လက် တိုက်ပွဲထဲ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး၊ ချင်းပူးပေါင်းတပ်မှ ၄ ဦး ထိခိုက်ဒဏ်ရာရ

ကန်ပက်လက် တိုက်ပွဲထဲ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး၊ ချင်းပူးပေါင်းတပ်မှ ၄ ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးသို့ ရိက္ခာပို့ရန် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ချင်း ပူးပေါင်းတပ်တွေကြား လှိုင်ဒုတ်ကျေးရွာသစ်အနီးတွင် တိုက်ပွဲပြင်းထန်ရာ စစ်ကောင်စီဘက်မှ (၇) ဦး သေဆုံး ပြီး ချင်းပူးပေါင်းတပ်မှ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ချင်းကာကွယ်ရေးတပ် - ကန်ပက်လက်က ထုတ်ပြန်သည်။

ဇူလိုင်လ ၂၄ ရက်နေ့အထိ နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေဆုံးမှုများ ရှိခဲ့သည်ဟု CDF ကန်ပက်လက်က တာဝန်ရှိသူက ပြောသည်။

ချင်းကာကွယ်ရေးတပ် - ကန်ပက်လက်မှ စစ်ရေးတာဝန်ရှိသူတစ်ဦးက “ဒီနေ့ တိုက်ပွဲက ကျင်ဒွေးဘက်ကို လာတဲ့ ယာဉ်တန်းနဲ့ ထိတွေ့မှုဖြစ်တာက၊ ဖြစ်တဲ့နေရာက မောချောင်းနဲ့ လှိုင်ဒုတ်ကြားမှာ ဖြစ်ခဲ့တာပါ။ သူတို့ ဘက်က ထိခိုက်သေဆုံးတာလည်း များတယ်။ ထိခိုက်ဒဏ်ရာရတာလည်း များတာပေါ့နော်။ ကျနော်တို့ ဘက် ကလည်း ဒီနေ့မှာ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်” ဟု ပြောသည်။

ဇူလိုင် ၂၄ ရက်နေ့၊ နံနက် ၈ နာရီခွဲမှ ၉ နာရီအထိ ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် စစ်ကြောင်းထိုးနေသော အင်အား ၃၀၀ ကျော် စစ်ကောင်စီတပ်ကို မောချောင်းရွာ နှင့် လှိုင်ဒုတ်ကျေးရွာသစ်အကြား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ (၇) ဦး သေဆုံးပြီ ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့သည်။

ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ မင်းဘူးခရိုင်တပ်ရင်း (၆)မှ ရဲဘော် (၁)ဦး၊ CDF - ကန်ပက်လက်မှ ရဲဘော် (၃) ဦး၊ စုစုပေါင်း ရဲဘော် (၄) ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိထားသည်ဟု  CDF- ကန်ပက်လက်မှ တာဝန် ရှိသူက ပြောသည်။

ထို့အပြင် ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ကန်ပက်လက်မြို့နယ်၊ လေယာဉ်ကွင်းအနီးတွင် ကန်ပက်လက်မြို့ ပေါ်မှ တပ်ချိန်းပြီး ပြန်လာသော အင်အား ၁၀၀ ကျော် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်များ ကြား ထိတွေ့တိုက်ပွဲ ဖြစ်ရာ ချင်းပူးပေါင်းတပ်မှ ရဲဘော် (၁) ဦး ကျဆုံးသွားခဲ့သည်။

တပ်ချိန်းပြန်လာသော စစ်ကြောင်းနှင့် ချင်းပူးပေါင်းတပ်တွေကြား ဇူလိုင် ၂၃ ရက်က ကတင်းချောင်းတွင် ထိတွေ့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီမှ (၅) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာများပြားကြောင်း၊ ချင်းပူးပေါင်းတပ်ဖွဲ့မှ တိုက်ပွဲ အတွင်း ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း နင်းမိုင်းကြောင့် အသက် ၅၀ ကျော်အရွယ် ပြည်သူတစ်ဦး သေဆုံး  ကြောင်း CDF- ကန်ပက်လက်၊ တူမီးတပ်ရင်းက ထုတ်ပြန်ထားသည်။

ဇူလိုင် ၂၂ ရက်ကလည်း ကန်ပက်လက်မြို့၊ မြို့မ (၂) ရပ်ကွက်၊ ရန်အောင် ရတနာစေတီကုန်းနှင့် ဘုန်းကြီးကျောင်း တို့မှ စစ်ကောင်စီ အထိုင်စခန်းကုန်း (၂)ခုကို CDF - ကန်ပက်လက်၊ CDF - မင်းတပ် နှင့် TYF တပ်တို့ တိုက်ခိုက် ရာ စစ်ကောင်စီမှ ၂ ဦးသေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၂၁ ရက်နေ့ကလည်း မဆာတွီကျေးရွာနှင့် မောချောင်းကျေးရွာကြားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ် ကောင်စီက ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သော်လည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ အထိအခိုက် မရှိခဲ့ဘူးဟု ဆို ကြသည်။

ကန်ပက်လက်မြို့နယ် အတွင်း စစ်ကောင်စီသည် အင်အား အလုံးအရင်းဖြင့် စစ်မျက်နှာ နှစ်ခုဖွင့်ပြီး စစ်ရေး လှုပ်ရှားလျှက်ရှိရာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှု ၁၀ ရက်နီးပါး ရှိလာသည့်နှင့်အမျှ CDF - ကန်ပက်လက် အပါ အဝင် ချင်းကာကွယ်ရေး ပူးပေါင်းတပ်မှာ ခဲယမ်း၊ ရိက္ခာနှင့် အကူအညီများ လိုအပ်နေပါသည်။

ချင်း- မကွေး နယ်စပ်ရှိ စစ်ဘေးရှောင်း သုံးထောင်ခန့်မှာလည်း စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အရေးပေါ် အကူအညီတွေ လိုအပ်နေသည်ဟု စစ်ရှောင်ကူညီနေသူများက ပြောသည်။

Most read this week

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...