ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲထပ်မံဖြစ်လာမှာကို စိုးရိမ်တဲ့ ဒေသခံများ ကြိုတင်တိမ်းရှောင်နေဆဲ

ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲထပ်မံဖြစ်လာမှာကို စိုးရိမ်တဲ့ ဒေသခံများ ကြိုတင်တိမ်းရှောင်နေဆဲ

ကချင်ပြည်နယ်၊ တနိုင်း-လီဒိုလမ်းမကြီးပေါ်ရှိ ဝါရာဇွပ်တိုက်နယ်၊ ရှဒူးဇွပ်ကျေးရွာမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကြား တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်းနေတဲ့အတွက် ကျေးရွာနေ ပြည်သူတချို့က ကျေးရွာအတွင်းကနေ ကြိုတင် ရွှေ့ပြောင်းတိမ်းရှောင်နေကြ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တာ ၂ ပတ်လောက် ကြာမြင့်သွားပြီ ဖြစ်ပေမယ့် KIA နဲ့ ပြည်သူ့စစ် နှစ်ဖက်တပ် စောင့်ကြည့်နေ တဲ့ အခြေအနေမှာ ရှိနေသေးတာဖြစ်တဲ့အတွက် ဒေသခံပြည်သူ အိမ်ထောင်စု ၃၀ ဝန်းကျင်လောက်က မြို့ပေါ် နေရာဘက် ရွှေ့ပြောင်းတိမ်းရှောင်နေကြတယ်လို့ ရှဒူးဇွပ်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

“အခုတလော KIA က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့စစ်တပ်စခန်း အနီးတဝိုက်မှာရှိတဲ့ ပြည်သူတွေက ရွှေ့ ပြောင်းတာ အများဆုံးဖြစ်တယ်။ နောက်လည်းပြန်ဖြစ်လာမယ်လို့ကြောက်လို့ထင်တယ်။ မြို့ပေါ်နေရာကို သွား ကြတယ်။ အိမ်ငှားတွေက မြို့မှာအိမ်တွေရှိကြတယ် အဲ့ကြောင့် အဲ့ဒီကို ပြန်သွားကြတယ်။ တချို့က အိမ်စောင့် တွေထားပြီး ခဏပြန်ကြတဲ့သဘော ဟုတ်တယ်” လို့ ပြောပါတယ်။

ရွှေ့ပြောင်းတိမ်းရှောင်ကြတဲ့ ဒေသခံတွေဟာ ရှဒူးဇွပ်ကျေးရွာအဝင် မိုးကောင်းချောင်းတံတားထိပ် စစ်တပ်နေရာ လည်းဖြစ်၊ ယခင် နှောင်းရိုးစားသောက်ဆိုင်နေရာမှာ တပ်ချထားတဲ့ ပြည်သူ့စစ်နေရာရဲ့ ကားလမ်းမ အနီးတဝိုက် မှာ ရှိကြတဲ့နေအိမ်တွေ အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီတပ်နေရာကို ဇူလိုင် ၈ ရက်နေ့မှာ KIA က စစ်အင်အားအလုံးရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ၂ ဖက် တပ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီပစ်ခတ်မှုတွေကြောင့် ပြည်သူ့စစ် တပ်ဖွဲ့နေရာ အနီးတဝိုက်ရမှာရှိတဲ့ နေအိမ်တချို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီတပ်စခန်းဟာ KIA ဝင်ရောက်ပစ်ခတ်တဲ့အတွက် တပ်ထဲက အဆောက်အအုံတချို့ ပျက်စီးတာတွေ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ တပ်စခန်းပြန်လည် ပြုဆောင်လုပ်ထားပြီး သွားလာတဲ့ပြည်သူများကို စစ်ဆေးမှု တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို KIA ကနေ ပြည်သူ့စစ်တပ်နေရာတွေကို ဝင်ရောက်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် သေ ဆုံးမှုတွေ ရှိခဲ့ပြီး ပြည်သူ့စစ်ဘက်နေ တပ်နေရာတွေကို အခိုင်အမာ လုပ်ဆောင်ပြီးတော့ ပိုမိုတင်းကြပ်တာတွေ လုပ်ဆောင်လာနိုင်တယ်လို့ ရှဒူးဇွပ်ဒေသခံက ဆက်ပြောပါတယ်။

“သူတို့ကိုကြည့်ရင် အများကြီး တင်းကြပ်လာနိုင်ခြေရှိတယ်။ ဒီတစ်ခေါက် KIA ဝင်ရောက်တိုက်ခိုက်အခါ ပျက် စီးသွားတဲ့ နေရာတွေတောင် အခုပြန်ပြီးတော့ ပြုပြင်တာတွေ ပြန်လုပ်ထားပြီ။ အဲ့ကြောင့် သူတို့ဘက်နေ ကြောက်သွားတာမျိုးမဟုတ်ပဲ ဆက်လက်တင်းကြပ်ဖို့ပဲ ရှိပါတယ်” လို့ ပြောပါတယ်။

မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ဟာ KIA ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်မှာ ရွာအတွင်း KIA တပ်ဖွဲ့က ဝင်ရောက်လာတာကို သတင်းပေးမှု၊ မဟုတ်မမှန် သတင်းပေး ပြောဆိုမှုများရှိတယ်ဆိုပြီး ဒေသခံပြည်သူများကို ဖမ်းဆီးရိုက်နက် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီထဲမှာ ရှဒူးဇွပ်ဒေသခံ ၄ ယောက်ကို KIA ကို ဆက်သွယ်မှုနဲ့ မဟုတ်မမှန် သတင်းပေးပြောဆိုမှု စတဲ့အချက်နဲ့ ဖမ်ဆီးခဲ့ပြီး ဖမ်းဆီးထားတဲ့ ၅ ရက်လောက်အကြာမှာ ရှဒူးဇွပ်ကျေးရွာမှ ရွာလူကြီးတချို့ကို ခေါ်ယူကာ သတင်း ဌာနတွေကို သတင်းမပေးဖို့နဲ့ KIA ကို မဆက်သွယ်ဖို့ ကတိဝန်ခံပြောဆိုခိုင်းပြီး ၄ ယောက်ကို ပြန်လည် လွတ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ရှဒူးဇွပ်ရွာမှာ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က ဖုန်းပြောဆိုတဲ့ ပြည်သူတွေကိုလည်း မသင်္ကာမှုနဲ့ စစ် ဆေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့အတွက် ဖုန်းပြောဆိုမှုကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ဖို့ပင် ခက်ခဲ နေတယ်လို့လည်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ရှဒူးဇွပ်ဒေသမှာ KIA နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ၂ ပတ်လောက် ကြာမြင့်လာပြီ ဖြစ်ပေမယ့် ဒေသခံ ပြည်သူတွေကတော့ ကျေးရွာထဲ သွားလာလှုပ်ရှားမှုတွေ နည်းပါးနေဆဲဖြစ်ပြီး ရွာအတွင်းရှိတဲ့ ရွှေဆိုင်၊ ဖုန်းဆိုင် နဲ့ ကုန်စုံဆိုင်တချို့က လက်ရှိအချိန်ထိ ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...
October 31, 2024
ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို...
October 30, 2024
ကချင်အထူးဒေသ (၁) ဖီမော်မြို့ နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့...
October 28, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန်  KBC ဘုရားကျောင်းကို...