ပြည်နယ်ကောင်စီက ဖားအံမြို့တဝိုက်ကိုသာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်စည်းရုံးရေးဆင်းနေရ

ပြည်နယ်ကောင်စီက ဖားအံမြို့တဝိုက်ကိုသာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်စည်းရုံးရေးဆင်းနေရ
Photo - ဖားစည်မြေ
Photo - ဖားစည်မြေ

ကရင်ပြည်နယ်အတွင်းမှ မြို့နယ် ၅ ခုတွင် နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ပြည်နယ် စစ်ကောင်စီက ၎င်းတို့အခြေစိုက်ရာ ဖားအံမြို့အနီးတဝိုက်ကိုသာ ဖွံ့ဖြိုးရေး စီမံကိန်းများ၊ တွေ့ဆုံပွဲ အခမ်းအနားများနှင့် လမ်း တံတား ဖွင့်ပွဲများသာ နေ့စဥ်လုပ်ဆောင်ပြနေရသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ် စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း မြို့နယ် ၅ခုတွင် စစ်ကောင်စီနှင့် ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်များ တိုက်ပွဲနေ့စဥ် ဖြစ်ပွားနေပြီး ဖားအံမြို့အား လုံခြုံရေးတင်း ကြပ် စစ်ဆေးကာ ထိန်းချုပ်ထားနိုင်သည့် အခြေအနေအတွင်း စစ်ကောင်စီခန့် ပြည်နယ်အဆင့် တာဝန်ပေးအပ် ထားသူများဖွံ့ဖြိုးရေးလုပ်ငန်းများနေ့စဥ် လုပ်ပြနေရကြောင်း ဖားအံဒေသခံ တစ်ဦးက ပြောသည်။

၎င်းက “ ဖားအံအစိုးရက ဖားအံတစ်ဝိုက်ရယ်၊ လှိုင်းဘွဲမြို့ပေါ်ရယ်ပဲသွား လာပြနေရတယ်။ လမ်း၊ တံတား၊ ရုံး တွေ လိုက်ဖွင့်တယ်။ လူထုတွေ့ဆုံပြီး ဆန်ဝေဆီဝေ ပြတယ်။ အခွန်လွတ်စျေးတွေ ဖွင့်ပြတယ်။ ဒါလောက်ပဲ လုပ်နိုင်တယ်။ အဲ့တော့ပြည်နယ် ဘတ်ဂျက်တွေက ဖားအံနား တစ်ဝိုက်ပဲသုံးနေရသလို ဖြစ်နေတယ်။ ဖွင့်ပွဲတွေ လိုက်လုပ်နေတာ နေတိုင်းတွေ့နေရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြည်နယ်စစ်ကောင်စီ အနေဖြင့် ပြည်နယ်အတွင်း အခြားမြို့နယ်များတွင် လုပ်ဆောင်နေသည့် ဖွံ့ဖြိုးရေး စီမံ ကိန်းများ ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ ဖားအံမြို့ အနီးဝန်းကျင်ကိုသာ လုံခြုံရေးတိုးမြှင့် ကာကွယ် နေရသည့် ကိစ္စကို အဓိက ထားလုပ်ဆောင်နေရကြောင်း ဖားအံဒေသခံ အရပ်ဖက်အဖွဲ့ဝင်တစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြည်နယ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် နေ့စဥ် လုပ်ဆောင်ရသည့် ရုံးကိစ္စများ မရှိသ လောက် နည်းပါးသည့်အတွက် လူထုစည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးကို အလေးထားလုပ်ဆောင် ဝါဒဖြန့်ရေးကို သာ နေ့စဥ် လုပ်ဆောင်နေကြရကြောင်း စစ်ကောင်စီ လက်အောက်ခံ ရုံးဝန်ထမ်းနှင့် နီးစပ်သည့် သတင်းအရင်း အမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။

စစ်ကောင်စီဝန်ထမ်း နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က “မနက် ရုံးဝန်ထမ်းတွေ ရုံးသွားတက်ရင် လုပ်စရာ က ထွေအုပ်၊ လဝက၊ ရဲနဲ့ ရဲသတင်းပေး လုပ်ငန်းပဲ လည်ပတ်နေရတာရှိတယ်၊ ကျန်တဲ့ ဌာနတွေက ရီပို့တင်ရတာ ရယ်၊ လုံခြုံရေး စီမံချက်ဘယ်လိုလုပ်ထားတယ်ဆိုတာပဲ သတင်းပို့ရတာ ရှိတယ်။ လူကြီးလမ်းကြောင်းသွားမယ်၊ လာမယ်ဆိုရင် အင်အား ဖြည့်ကူလုပ်ဖို့ ခေါ်တဲ့နေရာ သွားဝိုင်း လုပ်ရတာပဲရှိတယ်” ဟု ပြောသည်။

လက်ရှိ ကရင်ပြည်နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ နှစ်ဖက် တိုက်ပွဲ များကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသူ ၂ သိန်းကျော်ရှိလာပြီး  စစ်ကောင်စီတပ် ပစ်ခတ် တိုက်ခိုက်မှု လုပ်ဆောင်ရာမှ အရပ်သား ထိခိုက် ဒဏ်ရာရသေဆုံးမှု၊ အကြောင်းမဲ့ ဖမ်းဆီးပြီး သတ်ဖြတ်မှုများ ဆက်လက် မြင့်တက်လာနေကြောင်း စစ်ရှောင်အရေး ကူညီနေသူများက ပြောသည်။

KNU - ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ် တိုက် ခိုက်မှုကြောင့် ဇွန်လအတွင်း  အရပ်သား ၂ ဦးသေဆုံးခဲ့ပြီး ကလေး ၂ဦး အပါအဝင် ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု စစ်ရေးသတင်းအချက် အလက် ထုတ်ပြန်ချက်များအရ သိရသည်။

November 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅)၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ်...
October 31, 2024
ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများအပါအဝင် အထောက်အထားရှိပြီး နှစ်ရှည်ကြာ...
October 31, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျောက်ပုံ၊...
October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...