လက်ရိုက်အုတ်လုပ်ငန်းရှင်များ တစ်နှစ်အတွင်း နှစ်ကြိမ် အခွန်ဆောင်နေရ

လက်ရိုက်အုတ်လုပ်ငန်းရှင်များ တစ်နှစ်အတွင်း နှစ်ကြိမ် အခွန်ဆောင်နေရ

ဧရာဝတီတိုင်းတွင် လက်ရိုက်အုတ် လုပ်ငန်းလုပ်ကိုင်သူများ တစ်နှစ် အတွင်း အခွန် ၂ ကြိမ် အထိ ကောက်ခံမှုနှင့် ကြုံနေရသည်ဟု လုပ်ငန်းရှင်များက ပြောသည်။   

ဧရာဝတီတိုင်းထဲ စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့က လက်ရိုက်အုတ် လုပ်ငန်းခွန်ကို တစ်နှစ်အတွင်း  တစ်ကြိမ် သာ ကောက်ခံရာမှ လက်ရှိတွင် နှစ်ကြိမ် အထိတိုးမြှင့် ကောက်ခံနေသည့် အပြင် လစဉ်ကြေးပါ ကောက်ခံနေ သည်ဟု လက်ရိုက် မြေအုတ်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ပုသိမ်မြို့ အမှတ် ၁၂ ရပ်ကွက် က အုတ်ဖိုလုပ်ငန်းရှင် တစ်ဦးက “ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလတုန်းက တစ်ကြိမ် အခွန်ဆောင်ပြီးနေပြီ။ အခု ဇူလိုင်မှာ ထပ်ပြီး အခွန်ဆောင်ခိုင်းတယ်။ ပြီးတော့ အရင်တုန်းက လစဉ်ကြေး ဆို တာ မရှိဘူး။ အခု တစ်လကို သုံးသောင်းခွဲ (၃၅၀၀၀ ကျပ်) လစဉ်ကြေး ဆောင်ခိုင်းသေးတယ်“ ဟု ပြောသည်။

ပုသိမ်မြို့နယ်၌ မည်သည့် အုတ်ဖိုမဆို တပြေးညီ ကျပ် ၃ သိန်းကို ဒုတိယ အကြိမ်မြောက် ထပ်မံ အခွန်ပေး ဆောင်ရသကဲ့သို့ ကန်ကြီးထောင့်၊ မြောင်းမြ၊ အိမ်မဲ၊ မအူပင်၊ ဝါးခယ်မ အစရှိသည့် မြို့နယ်များတွင်လည်း ဒုတိ ယ အကြိမ် ကျပ် ၃ သိန်းစီ ထပ်မံ အခွန်ဆောင်ရသည်ဟု ဆိုကြသည်။

သို့သော်လည်း ကန်ကြီးထောင့်၊ မြောင်းမြ၊ အိမ်မဲ၊ မအူပင်၊ ဝါးခယ်မ အစရှိသည့် မြို့နယ်များတွင်မူ ပုသိမ်မြို့ကဲ့ သို့ လစဉ်ကြေး ပေးဆောင်ရခြင်းမျိုး မရှိသေးဘူးဟု ဆိုကြသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ် အုတ်လုပ်ငန်းလုပ်ကိုင်သူများထံမှ အခွန်ကောက်ခံပြီး ဖြစ်သော်လည်း ယခု ဇူလိုင်လတွင် တစ်ကြိမ် ထပ်မံတောင်းခံလာခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

ဖေဖေါ်ဝါရီလအတွင်းက အုတ်လုပ်ငန်း လုပ်ကိုင်သူများထံမှ အုတ်အလုံးရေ တစ်သောင်းခွဲထွက် လိုင်စင်ဖိုကြီး တစ်ဖိုကို ကျပ် ၄ သိန်း တောင်းခဲ့ပြီး အုတ်အလုံးရေ ၂၀၀၀ မှ ၅၀၀၀ အတွင်း ထွက်သည့် အုတ်တစ်ဖိုအား ကျပ် တစ်သိန်းခွဲနှုန်း ကောက်ခံခဲ့ပြီးဖြစ်သည်ဟု အုတ်ဖိုလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။

ပုသိမ်မြို့ အမှတ် ၁၂ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက “ရပ်ကွက်အုပ်ချုပ်ရေးမှူးက သူ့သဘောနဲ့ သူ ကောက်တာ မဟုတ်ဘူး။ အထက်က ကောက်ခိုင်းလို့ ကောက်တာ။ လစဉ်ကြေးကတော့ ရပ်ကွက် မီးဘေး ကာကွယ်ရေး နဲ့ တခြားဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ရံပုံငွေ ကောက်တာပါ” ဟု ပြောသည်။

မြို့နယ် စစ်ကောင်စီအဖွဲ့ သာမက မြေစာရင်း နှင့် စည်ပင်သာယာကော်မတီတို့ကိုလည်း အခွန်ပေးဆောင်နေကြ ရသည့်အပြင် စစ်ကောင်စီ၏ နယ်မြေစိုးမိုးရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ နှင့် ပျူစောထီးများကလည်း မကြာခဏ ဆိုသလို အကြောင်းအမျိုးမျိုးပြ ငွေတောင်းနေကြသည့် အတွက် အဆင်မပြေမှု ပိုများနေရသည်ဟု ဒေသခံ အုတ်လုပ်ငန်းလုပ်ရှင် အချို့က ပြောဆိုသည်။

စစ်တပ် အာဏာမသိမ်းခင်က အုတ်အလုံးရေ ၂၀၀၀ မှ ၅၀၀၀ အတွင်း ထွက်သည့် အုတ်ဖိုများ၊ တနိုင်တပိုင် လုပ်ကိုင်သူများက လိုင်စင်လုပ်ရန်ပင် မလိုသလို လုပ်ငန်းခွန်လည်း ပေးဆောင်စရာမလိုဘဲ အုတ်အလုံး တစ်သောင်းခွဲ ထွက်သည့် ဖိုများကသာ တစ်နှစ်စာအတွက် ငွေကျပ် တစ်သိန်းခွဲ ပေးဆောင်ရခြင်း ဖြစ်သည်ဟု အုတ်လုပ် ငန်းလုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

အုတ်ဖိုလုပ်ငန်းရှင်များ အနေဖြင့် ဒေသအတွင်း တည်ဆောက်ရေး လုပ်ငန်းများ နည်းပါးခြင်းကြောင့် အုတ် အရောင်းအဝယ် အေးနေပြီး အုတ်ဖုတ်လုပ်သားများနှင့် အုတ်ဖိုလုပ်ငန်းရှင်များအတွက် စားစရိတ်၊ နေစရိတ်ပင် မကာမိဘူးဟုဆိုကြသည်။

ထို့ကြောင့် အများစုမှ အုတ်ဖိုအကြီးများကို ရပ်ထားပြီး တနိုင်တပိုင် လုပ်ကိုင်နေကြရာ ယခုကဲ့သို့ အခွန်တိုးမြှင့် ကောက်ခံခြင်းတို့ကြောင့် တပိုင်တနိုင်အုတ်ဖုတ်လုပ်ငန်းအချို့ပင် ရပ်တန့်သွားနိုင်သည် ဟု အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းရှင်အချို့က သုံးသပ်ပြောဆိုနေကြသည်။

ဧရာဝတီတိုင်းအတွင်း လက်ရိုက်မြေ အုတ်ဖုတ်သည့် လုပ်ငန်းလုပ်ကိုင်သူ အများအပြားရှိနေပြီး ပုသိမ်မြို့၌ ရပ်ကွက် ၉ ခုကျော်တွင် အုတ်ဖိုပေါင်း ၂၄၀ ကျော်ရှိကာ အုတ်ဖုတ်လုပ်ငန်းခွင်တွင် လုပ်သား ၃၀၀၀ နီးပါးခန့် ရှိနေသည်။

Most read this week

October 31, 2024
ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ကယန်းအမျိုးသား...
October 30, 2024
စစ်အာဏာသိမ်း ကာလအတွ်း ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဉ်းသား...
October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...