တနင်္သာရီမြို့နယ်တွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသောကြောင့် စစ်ရှောင်ရသူ များလာ

တနင်္သာရီမြို့နယ်တွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသောကြောင့် စစ်ရှောင်ရသူ များလာ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေသောကြောင့် စစ်ရှောင်ရသူဦးရေ တိုးလာ ကြောင်း စစ်ဘေးရှောင်အနီးကပ် ကူညီသူများကပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် အဆိုပါ တနင်္သာရီမြို့နယ်ထဲတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ကာ အင်အား စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာများတွင် လက်နက်ကြီးအထိုင်ချကာ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် နယ်မြေခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပေါ်လာ၍ ဒေသခံပြည်သူများ အနေဖြင့် စစ်ဘေးတိမ်းရှောင် နေရခြင်းဖြစ်သည်။

စစ်ဘေးရှောင် အနီးကပ်ကူညီနေသူတစ်ဦးက “အခုရက်ပိုင်းမှာတိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ အဲ့ဒါ ကြောင့် ဒီမြို့နယ်ထဲက ရွာ ၅ ရွာ နဲ့ အနီး အနားက ရွာတော်တော်များများ စစ်ရှောင်လာရတယ်။ ပြန်ဖို့ လုပ်ရင် လည်း စစ်တပ်က အင်အားဖြည့်တာတွေ တောက်လျောက် လုပ်နေတဲ့အတွက် ပြန်ဖို့အဆင်မပြေဘူး။ အဲ့ဒါ ကြောင့် တချို့စစ်ရှောင်တွေဆိုရင် ဥယျာဉ်ခြံတွေမှာ မိုးရွာလည်း တဲထိုးပြီးနေရတယ်။ လက်လှမ်းမမှီတဲ့ နေရာ တွေက ပိုခက်တာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ (၁၅) ရက်နေ့မှ ၁၈ ရက်နေ့အထိ ၄ ရက်အတွင်း တိုက်ပွဲပေါင်း  (၁၀)ကြိမ်ထက် မနည်းဖြစ်ပေါ်ခဲ့ပြီး အဆိုပါတိုက်ပွဲများကြောင့် သိန်းခွန်၊ သဲဖြူနှင့် ချောင်းနှစ်ပေါက်ကျေးရွာ အပါအဝင် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၅ ရွာက ဒေသခံ (၁,၀၀၀) ကျော်မှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရ ကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးက ဆက် ပြောသည်။

ထိုသို့ နယ်မြေအတွင်း စစ်ကောင်စီဘက်မှ ဆက်တိုက် စစ်ကြောင်းထိုးလာခြင်းမှာ နယ်မြေထိန်းချုပ်နိုင်စွမ်း လျှော့နည်းလာသည့် အပေါ် စစ်ကြောင်းကို အရောင်ပြ ဝင်ရောက်ခြင်းသာဖြစ်ကြောင်း နယ်မြေခံ ပြည်သူ့ ကာ ကွယ်ရေး တပ်ဖွဲ့ဝင်တာဝန်ရှိသူများ က ပြောသည်။

နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက “စကစဘက်က အခုလိုဆက်တိုက် စစ်ကြောင်းထိုး လာတာ က သူတို့နယ် မြေထိန်းချုပ်မှုတော်တော်လေး အားနည်းသွားတယ်။ နယ်မြေထိန်းချုပ်မနိုင်တော့တဲ့အတွက် စစ် ကြောင်းတွေကို အရောင်ပြပြီး လုပ်လာတာကို တွေ့ရတယ်။ နောက်ပိုင်း သူတို့တွေက မြို့နယ်တွေကိုတောင် မထိန်းချုပ်နိုင်တော့ဘူး။ အဲ့ဒါကြောင့် စစ်ကြောင်း တွေပေါ်လာပြီးတော့ စစ်ရေးလူပ်ရှားမှုတွေ လုပ်လာတာတွေ့ ရတယ်။ အရင်ကဆိုဂိတ်စောင့်တယ်။ တချို့ဖြစ်တဲ့ နေရာတွေကို စစ်ကူလိုက်ပြီး စစ်ကြောင်းထိုးတယ်။ အခုက ကျတော့ အဲ့လိုမဟုတ်ဘဲ။ သူတို့ ဘက်ကလည်း စစ်ကြောင်းပြန်ထိုးနိုင်တယ်ဆိုတာကို လုပ်ပြနေတာ” ဟု ကေအိုင်စီသို့ ပြောသည်။

တနင်္သာရီမြို့နယ်တွင် ရက်ရှည်တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသောကြောင့် ဒေသခံများ အနေဖြင့် နေရပ်မှ စွန့်ခွာကာ စစ်ဘေးရှောင်နေကြရသည်။

ဒေသတွင်း စစ်ရေးတင်းမာမှုများ ရှိနေသော်လည်း ခရီးသွားများ၏ လုံခြုံရေးအတွက် ပိတ်ထားသော ထုံခါ-မောတောင်လမ်းကို ဇူလိုင်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် ပြန်ဖွင့်ပေးလိုက်ပြီး ဖြစ်ကြောင်းဒေသတွင်း သတင်း မီဒီယာများတွင် ဖော်ပြထားသည်။

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...