မိုခါမုန်တိုင်းအလွန် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာပေါင်း ၅ဝ ကျော်မှ ဒေသခံများကို ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း ULA/AA က ဇူလိုင်လ ၂ဝ ရက်၊ နံနက် ၁ဝ နာရီခန့်တွင် သတင်းထုတ်ပြန်လိုက်သည်။
ULA/AA လက်အောက်ခံ အာရက္ခပြည်သူ့အစိုးရ၏ ကျန်းမာရေး ဝန်ထမ်းများနှင့် ULA/AA ဆေးဝန်ထမ်း တပ်ဖွဲ့ ဝင်များက မိုခါမုန်တိုင်းပြီးနောက် အဆိုပါကျေးရွာများအထိ သွားရောက်ကာ လူမျိုး ဘာသာမရွေး အခမဲ့ ဆေးကုသပေးနေခြင်း ဖြစ်သည်။
မီးကျောင်းရေသောက် ကျေးရွာသားတစ်ဦးက “နေမကောင်းတဲ့သူတွေကိုလည်း နွေးနွေးထွေးထွေး ဆက်ဆံ တယ်။ ပြီးတော့ ကိုယ်တို့ဘက်က လူတွေဆိုတော့ အားလုံး ပွင့်ပွင့်လင်းလင်းပေါ့။ ဗမာစကားနဲ့လည်း ပြောစရာ မလိုဘူး။ ကိုယ်တို့လူတွေနဲ့အတူ ပြနေရတယ်ဆိုတော့ နွေးနွေးထွေးထွေး ပြောလို့ဆိုလို့ အဆင်ပြေတယ်။ လူတွေကတော့ စိတ်ချမ်းသာကြတယ်ပေါ့” ဟု ပြောသည်။
ရသေ့တောင်မြို့နယ်ရှိ ရီကောင်းချောင်း၊ အောင်ဆိပ်၊ ဆင်ခုံးတိုင် (မွတ်ဆလင်ရွာ)၊ သက်ပေကျ၊ ခရုချောင်း၊ မင်းဖူး၊ အုန်းချောင်း၊ ဇေယျာမြိုင်၊ အိုးဖောက်၊ အာကာတောင်(မူဆလင်ရွာ)၊ ကံဆိပ်(မွတ်ဆလင်ရွာ)၊ ကုန်တန်း၊ သမီးလှ(ရွာသစ်)၊ သမီးလှ(ရွာဟောင်း)၊ ပြိန်းတော ၊ င/စံဘော်၊ ညောင်ပင်လှ၊ ဗောဓိကုန်း၊ ရီမျက်၊ စဖိုကျွန်း၊ အောင်ဇေကုန်း၊ ပြင်ဝန်း၊ ဒိုးဝေချောင်း၊ ကြိမ်တန်း၊ မှန်နီပြင်၊ ကျောက်ရံ၊ မော်ထက်၊ စေတီပြင်၊ အောက်ကျောင်း တောင်၊ ခမောင်တုံး၊ ကညင်ချောင်း၊ ကျွန်းပေါ်ပေါက်တော၊ အောင်သာယာ၊ ကျုံးပြင်၊ ရွှကံပြင်၊ နေဗီဆိပ်၊ ဆင် အိုး၊ သစ်ကတိုး၊ မီးကျောင်းရီသောက်၊ ကျောက်စာတိုင်၊ ဈီးကုန်တန်း၊ မိညိုထောင့်နှင့် လုံးတင် အစရှိသော ကျေးရွာများအပါအဝင် ကျေးရွာပေါင်း (၅၀) ကျော်ကို နေ့စဉ်ရက်ဆက် ဆေးကုသပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်နေရာအများအပြားတွင် မိုခါမုန်တိုင်းအလွန်တွင် တုတ်ကွေးနှင့် ရာသီအလိုက် ဖြစ်ပွားသော ရောဂါများဖြစ်ပွားမှုများနေသည်ဟု ဒေသခံများ ကတစ်ဆင့် သိရှိရသည်။
နောက်ထပ်ကျေးရွာများရှိ အာရက္ခပြည်သူများကိုလည်း ဆက်တိုက် ဆေးကုသပေးနေသည်ဟုလည်း ဆိုထားသည်။
ယခုကဲ့သို့လာရောက်ကုသပေးရာတွင် ULA/AA ဆေးဝန်ထမ်းများက လူနာများကို နွေးနွေးထွေးထွေး ဆက်ဆံကြသလို ကိုယ့်ရခိုင်လူမျိုး အချင်းချင်းဖြစ်သည့်အတွက် ပြောဆိုဆက်ဆံကြရာတွင်လည်း ပိုပြီး ပွင့်ပွင့်လင်းလင်းရှိကာ ဒေသခံများအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြရသည်ဟု မီးကျောင်းရေသောက် ကျေးရွာသားများက ပြောသည်။
ယင်းသို့လာရောက်ကုသပေးရာတွင် ဘာသာရေးအဆောက်အအုံများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ နံနက်ပိုင်း မှ ညနေပိုင်း အချိန်ထိ ယာယီဆေးခန်းဖွင့်ကာ ကုသပေးနေခြင်း ဖြစ်သည်။
ကျေးရွာများအတွင်းမှလည်း သာမန်နေမကောင်းဖြစ်သူများမှစ၍ နာတာရှည်ရောဂါသည်များအထိ သွားရောက် ပြသလျက်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။
ဒေသံရွာသား တစ်ဦးက “တချို့ နာတာရှည်ရောဂါတွေ၊ သူတို့ ယာယီ ဆေးခန်းလာဖွင့်တော့ သူတို့ကနေပြီးတော့ ပျောက်အောင်အထိ ကုသလို့မရတဲ့ရောဂါတွေရှိတယ်။ အဲဒီဟာတွေဆိုလည်း သူတို့ကနေပြီးတော့ သူတို့ သတ် မှတ်ထားတဲ့ Center တွေမှာ လာပြီး ကုသပေးဖို့၊ ခွဲစိတ်ဖို့ ဟာတွေကိုတောင်မှ အဲလို သူတို့သတ်မှတ်ထားတဲ့ နေရာတွေမှာ လာပြီး ကုသပေးဖို့အတွက် ညွှန်ကြားတာတွေလည်း ရှိတယ်” ဟု ပြောသည်။
ULA/AA လက်အောက်ခံ အာရက္ခပြည်သူ့အစိုးရ၏ ကျန်းမာရေး ဝန်ထမ်းများနှင့် ULA/AA ဆေးဝန်ထမ်း တပ်ဖွဲ့ ဝင်များသည် ရခိုင်ပြည်အတွင်း မိုခါမုန်တိုင်းမတိုက်မီကပင် မုန်တိုင်းပြီးသွားသည့် ယနေ့အထိ လူမျိုးမရွေး၊ ဘာ သာမရွေး နေ့စဉ်ရက်ဆက် ဆေးကုသပေးလျက်ရှိသည်ဟု ULA/AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ULA/AA လက်အောက်ခံ အာရက္ခ အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ကော်မတီ (ERRCA) ကလည်း ရခိုင်တွင် မိုခါမုန်တိုင်းမတိုက်မီ ကာလ၌ မုန်တိုင်းဒဏ် ကျရောက်နိုင်သည့်နေရာများမှ ပြည် သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့သလို မုန်တိုင်းကာလနှင့် မုန်တိုင်းလွန်ကာလ တို့၌လည်း မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်အကူအညီများ ဆောင်ရွက်ပေးလျက် ရှိသည်ဟု ဆိုသည်။