မော်လမြိုင်မြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုဖြစ်ပြီး အရေးပေါ်ပြောင်းရွှေ့နေရ

မော်လမြိုင်မြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုဖြစ်ပြီး အရေးပေါ်ပြောင်းရွှေ့နေရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေပြီး ပြည်သူများ အရေးပေါ် ပြောင်းရွှေ့နေရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် မြို့ခံအချို့က ပြောသည်။

မိုးအဆက် မပြတ်သွန်းမှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ကာ မော်လမြိုင်မြို့ပေါ်ရှိ စျေးကြိုရပ်ကွက်၊ မြိုင် သာယာရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊ လှိုင်ရပ်ကွက်၊ ရွှေပြည်စိုး ရပ် ကွက်၊ ဒိုင်းဝန်ကွင်းရပ်ကွက်၊ ဇေယျာ ၁/၂/၃ ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ဟု မြို့ခံများ က ပြောသည်။

ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ဈေးကြို၊ တောင်ဝိုင်းရပ်၊ ဥယျာဥ်လမ်းအတွင်း ပိတ်မိနေသူများကို ယနေ့ နံနက် ၄ နာရီခွကတည်းက ကယ်ဆယ်ရွှေ့ပြောင်းပေးနေသည်ဟု “ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့” ထံမှ သိရသည်။

“တောင်ဝိုင်း စျေးကြိုမှာ မနက် ၄ နာရီခွဲလောက်ကတည်းက ကူညီကယ်ဆယ်ရေးတွေလုပ်နေပါတယ်။ လူတွေ ကို ရွှေ့ပြောင်း ကယ်ဆယ်နေတာ ဖြစ်ပါတယ်။ တော်တော်များတော့ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့ ထားပြီး ဖြစ်ပါတယ်။ ဖက်ခင်းဘက်မှာလည်း ရေကတော့ များနေဆဲပါ” ဟု ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ရပ်ကွက်နေပြည်သူအချို့တို့ကို မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ဘေး လွတ်ရာသို့ ပြောင်းရွှေ့ပေးနေသည်ဟု လူမှုကယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

“ရပ်ကွက်အားလုံးနီးပါး ရေတွေဝင်နေတာ အနိမ့်ပိုင်းတွေက ပိုစိုးတာပေါ့။ လူတွေကို ပြောင်းရွှေ့နေရတယ်။ မိုးကလည်း ရွာနေသေးတယ်ဆိုတော့ ရေက ဆက်များလာမှာလေ” ဟု မြို့ခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ စီးဆင်းလာ သည့် အတွက် မော်လမြိုင်မြို့အပြင် မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ပေါင်၊ ကျိုက်မရော၊ အစရှိသည့် ဒေသတို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

မော်လမြိုင်-သံဖြူဇရပ်၊ သံဖြူဇရပ်-ရေး ကားလမ်းပိုင်းနေရာ အချို့တို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွား နေပြီး ကားများ ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ရန် အတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာနေပြည်သူများ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တို့က ကူညီဆောင်ရွက်ပေးနေသည်။

ပြည်နယ်မိုး‌‌လေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ထားချက် အရ ဇူလိုင်လ ၁၉ ရက်နေ့က မော်လမြိုင်မြို့နယ်တွင် မိုးရေချိန် ၂၂. ၇၆ လက်မအထိ ရွာသွန်းခဲ့သည်။

မွန်ပြည်နယ်အတွင်း နောက်နှစ်ရက်အထိ ဒေသအလိုက် မိုးဆက်ကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက ခန့်မှန်း ထုတ်ပြန်ထားသည်။

Most read this week

November 1, 2024
ယခုနှစ် မွန်ပြည်နယ်စျေးကွက်အတွင်း မိုးစပါးများ ယခင်နှစ်ထက် စျေးနှုန်းကျဆင်းနေသည်ဟု ဒေသတွင်း...
October 31, 2024
မွန်ပြည်နယ်ကမ်းရိုးတမ်းတစ်လျှောက် အလုပ်လုပ်ကိုင်နေသည့် ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျှောကူးစက်မှု...
October 30, 2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဝဲပတန်နှင့် အလှပ်ကျေးရွာတို့မှ ရေလုပ်သားများ ၅၀ ကျော်...
October 25, 2024
မွန်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတို့ကို စစ်ကောင်စီက နိုင်ငံရေးနှင့်...