ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ လဂျားယန်ကြားမှာ စစ်ရေးတင်းမာနေပြီး ဆက်သွယ်ရေးလိုင်းများ ပြတ် တောက်နေတဲ့အပြင် ဒေသခံပြည်သူတချို့လည်း ပိတ်မိနေတယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့ကစပြီး လဂျားယန်အနီးမှာရှိတဲ့ ဒုန်ခုန်းကျေးရွာ ဒေသခံတချို့ဟာ ဗန်းမော်မြို့ဘက်ကို ထွက်ပြေး တိမ်းရှောင်လာနိုင်ခဲ့ပြီ ဖြစ်ပေမဲ့ တချို့ကတော့ ဒုန်ခုန်းကျေးရွာမှာ ကျန်နေသေးတာ ဖြစ်ပါတယ်။
အလားတူ လွယ်မောက်ယန်က ဒေသခံတွေလည်း ဇူလိုင်လ ၇ ရက်နေ့ကနေ စစ်ကောင်စီတပ် စစ်ကြောင်း ထိုးလာတဲ့အတွက် လွယ်မောက်ယန်ဘက်ကနေ မန်ဆိုင်းရွာမှာထွက်ပြေး တိမ်းရှောင်လာခဲ့ရာမှ လက်ရှိချိန် ပိတ်မိနေတယ်လို့ စစ်ရှောင်ကူညီနေတဲ့ ဗန်းမော်မြို့က ဒေသခံတစ်ဦး KNG ကို ပြောပါတယ်။
စစ်ရှောင်ကူညီနေတဲ့ ဗန်းမော်မြို့က ဒေသခံတစ်ဦး က “လွယ်မောက်ယန်က ရွာသားတွေက အရမ်းရှုပ်လာတော့ သိပ်တော့မကြာလောက်ဘူးပေါ့ အခြေအနေ ပြန်ငြိမ်ရင် ပြန်လာမယ်ဆိုပြီး မန်ဆိုင်းရွာဘက် ခဏတိမ်းရှောင် သွားတာ။ အဲ့ဒါနဲ့ အခုချိန်ထိ အခြေအနေက တင်းမာနေဆဲဆိုတော့ သူတို့အတွက် အရမ်းခက်နေတာ။ ဗန်းမော် ဘက်ကို ဆင်းလာချင်ပေမဲ့ လမ်းအခြေအနေက ဆင်းမရဘူးဖြစ်နေတယ်။ ဒုန်ခုန်းက ရွာသားတချို့လည်း ရွာမှာ ကျန်နေသေးတယ်။ ဗန်းမော်ဘက်က ကားလည်းတက်လို့မရဘူးဖြစ်နေတော့။ ရွာသားတွေ ကြားမှာ ပိတ်မိနေတဲ့ အခြေအနေပေါ့” လို့ ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့မှာလည်း စစ်ရေးတင်းမာနေတဲ့ ဒေါ့ဖုန်းယန်- လဂျားယန်ကြားမှာရှိတဲ့ လွယ်မောက်ယန်၊ ဒေါ့ ဖုန်းယန်၊ နားလုံ၊ မန်ဆိုင်း၊ ဆမ်ပါ စတဲ့ကျေးရွာတွေမှာ ဖုန်းလိုင်းများ ဆက်သွယ်လို့မရဖြစ်နေပြီး အချိတ် အဆက် ပြတ်တောက်နေကြောင်းလည်း သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇူလိုင် ၇ ရက်နေ့က လွယ်မောက်ယန်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ချိန် ရွာ အဝင်မှာ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရွာသားတွေကို ဖမ်းဆီးစစ်ဆေးပြီး ရိုက်နှက်တာတွေလုပ်ခဲ့တဲ့အပြင် ဖုန်း တွေကို သိမ်းယူတဲ့အထိ ဖြစ်ပွားခဲ့တာပါ။
အဲ့ဒီနောက် လွယ်မောက်ယန်ဘက်မှာ စစ်တပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာတာ ကြောင့် လွယ်မောက်ရွာဒေသခံတွေဟာ မုန်လိုင်ချောင်းအနီး မန်ဆိုင်းရှမ်းရွာဆီ ယာယီ ထွက်ပြေးတိမ်းရှောင် သွားခဲ့တာပါ။
လွယ်မောက်ယန် ဒေသခံတွေဟာ လက်ရှိချိန်ထိ မန်ဆိုင်းရွာက ပြန်ထွက်လို့မရဖြစ်နေတဲ့ အပြင် ယူဆောင်လာ တဲ့ အစားအသောက်တွေလည်း ကုန်နေပြီဖြစ်တာကြောင့် အစားအသောက်ပြတ်လပ်တဲ့ အခက်အခဲတွေနဲ့ ကြုံ နေကြရပါတယ်။
လက်ရှိ မန်ဆိုင်းရွာမှာ ပိတ်မိနေတဲ့ လွယ်မောက်ယန်ဟာ အိမ်ခြေ ၄၂ အိမ်၊ လူဦးရေ စုစုပေါင်း ၁၃၂ ရှိပြီး မန် ဆိုင်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေရပြီး နေရာထိုင်ခင်း၊ အစားအသောက်နဲ့ ဆေး တွေ လိုအပ်နေကြပါတယ်။
ဒေါ့ဖုန်းယန်နဲ့ လဂျားယန်ကြား ကားလမ်းမပေါ် ကျေးရွာ ၄ ရွာခန့်ရှိတဲ့အနက် လက်ရှိ ဒိန်ဂါရွာနဲ့ ခလားရွာက ဒေသခံတွေဟာ ဒေါ့ဖုန်းယန်မှာ စစ်ရှောင်နေကြရပြီး အလားတူ ဒုန်ခုန်းရွာက ဒေသခံတချို့ကတော့ ဗန်းမော်မြို့ ပေါ်ကို စစ်ရှောင်နေကြတာပါ။
ဒါ့အပြင် ဒုန်ခုန်းရွာက ဒေသခံတချို့နဲ့ လွယ်မောက်ယန် ဒေသခံတွေကတော့ စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ အတွက် ပိတ်မိနေသေးကြောင်း ဗန်းမော်မြို့က စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။
“အများပိုင်းတော့ ကိုယ်သိရာ ကျွမ်းရာဆီ၊ ခိုလှုံလို့ရတဲ့နေရာတွေဆီ ယာယီထွက်ပြေးသွားကြသူများတယ်။ ဒီ ဘက် ဗန်းမော်ဘက်ကို ရောက်လာတာက ဒုန်းခုန်းကပဲ။ သူတို့တောင် ရွာကနေ တဝက်လောက် သူတို့ကားနဲ့ ဆင်းလာကြပြီး ဒီဘက်ကနေ လမ်းတဝက်ကနေ ပြန်လာခေါ်နိုင်တာ။ အခု လမ်းတစ်လျှောက် စစ်ကြောင်းတွေ က သေနတ်တွေပစ်ဖောက်ပြီး တက်လာတာဆိုတော့ ဘယ်သူမှဖြတ်သွားလို့မရဖြစ်နေတယ်” ဟု စစ်ရှောင် တွေကို ကူညီနေတဲ့ ဗန်းမော်မြို့က ဒေသခံတစ်ဦး ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့မှာတော့ ဒုန်ခုန်းကျေးရွာက အိမ်ခြေ ၁၅ လူဦးရေ ၅၀ ခန့်တော့ ဗန်းမော်ကနေ ၂ မိုင် အကွာအဝေးမှာ ရှိတဲ့ အောင်သာ KBC အသင်းတော်ဝင်းထဲကို ထွက်ပြေးတမ်းရှောင်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုချိန် ဗန်းမော်ကနေ ဒေါ့ဖုန်းယန်-နမ်ဆန်ယန်ဘက်သို့ စစ်အင်အားဖြင့် ဆက်တိုက် ထိုးစစ်ဆင် လှုပ်ရှားနေကြောင်း ဒေသခံတွေပြောပါတယ်။
ဗန်းမော်ကနေ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ဒေါ့ဖုန်းယန်အလွန် ဒိန်ဂါ၊ ခလားရွာအနီးတဝိုက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ၅ တပ်ရင်း ၁၈ နဲ့ တပ်ရင်း ၁၉ တပ်ဖွဲ့တွေ ကြားဖြတ် တိုက် ခိုက်ခဲ့တာကြောင့် လက်ရှိချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေကြတာ ဖြစ်ပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး လက်ရှိချိန်ထိ မြစ်ကြီးနား၊ တာလောကြီး၊ ဗန်းမော် စတဲ့ဘက်ကကို ဆက်တိုက်ထိုးစစ်ဆင် အင်အားဖြည့်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။