အကြမ်းဖက်အဖွဲ့မှ ရုတ်သိမ်းပြီးဖြစ်သော်လည်း AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူနှစ်ဦးကို ပုဒ်မ ၂ ခုဖြင့် စစ်ကောင်စီစွဲချက်တင်

အကြမ်းဖက်အဖွဲ့မှ ရုတ်သိမ်းပြီးဖြစ်သော်လည်း AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူနှစ်ဦးကို ပုဒ်မ ၂ ခုဖြင့် စစ်ကောင်စီစွဲချက်တင်

ရက္ခိုင့်တပ်တော် (AA) ကိုအကြမ်းဖက်အဖွဲ့မှ ရုတ်သိမ်းပြီး အပစ်အခတ်ရပ်စဲထားပြီဖြစ်သော်လည်း စစ်ကောင် စီသည် AA နှင့်ဆက်စပ်သည့် စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ဘူးသီးတောင်မြို့နယ်မှ အုပ်ချုပ်ရေးမှူးနှစ်ဦးကို တစ်နှစ်နီးပါးအကြာတွင် ပုဒ်မ ၂ ခုဖြင့် စွဲချက်တင်လိုက်သည်။

၎င်းတို့ နှစ်ဦးမှာ ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းစျေးမွတ်ဆလင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာမိတ်တူ ဆောင်း အသက် (၆ဝ) နှစ်နှင့် တပ်မင်းချောင်းကျေးရွာမှ ဒိုင်းနက် (ခေါ်) သက္ကမလူမျိုး အုပ်ချုပ်ရေးမှူး ဦးဦးကျော် လှ အသက် (၆၆) နှစ် တို့ ဖြစ်ကြသည်။

ဦးဟာမိတ်တူဆောင်းနှင့် ဦးဦးကျော်လှ တို့ နှစ်ဦးအား မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် ၁၇(၂)တို့ဖြင့် ဇူလိုင်လ ၁၄ ရက်နေ့က  စွဲချက်တင်ခံလိုက်ရသည်ဟု မိသားစုဝင်များ၏ နိရဉ္စရာကို ပြောသည်။

ဦးဦးကျော်လှ၏သား ကိုကျော်ဝင်းက “ပထမတော့ ၁၇(၁)နဲ့ စွဲချက်တင်မယ်လို့ ပြောပါတယ်။ အခုတော့ သူတို့ က ပုဒ်မ ၂ ခုတပ်ထားပါတယ်။ ၁၇(၁) နဲ့ ၁၇(၂) ပေါ့။ ကျနော်က ဥပဒေအရာရှိကိုလည်း ပြောပါတယ်။ ပထမ တော့ ၁၇(၁) နဲ့ စွဲချက်တင်မယ်လို့ ပြောတယ်။ အခုစွဲချက်တင်တာက ၁၇(၁) နဲ့ ၁၇ (၂)နဲ့ တင်တာက ဘယ်လို သဘောလဲ။ ၁၇(၁) တောင်မှ နည်းနည်းခံသာသေးတယ်။ ၁၇(၂)ကကျတော့ အရမ်းကြမ်းလွန်းပါတယ် လို့ ပြောတော့ ကျနော်တို့လည်း အထက်က အမိန့်အတိုင်း၊ ပြောတဲ့အတိုင်းလုပ်ရတာပဲလို့ ဆိုပါတယ်” ဟု ပြော သည်။

ပုဒ်မ ၁၇(၁) သည် နှစ်နှစ်ထက်မနည်း၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးကို ချမှတ်ခံရနိုင် ပြီး ၁၇(၂)သည် သုံးနှစ်ထက်မနည်း၊ ငါးနှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံးကို ချမှတ်ခံရနိုင်သည့် ပုဒ်မများဖြစ်သည်။

လာမည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် စွဲချက်တင်ခံထားရသူများ၏ သက်သေအချို့ကို စစ်ဆေးသွားမည်ဟုလည်း ဆိုကြသည်။

စွဲချက်တင်ခံထားရသူ နှစ်ဦးသည် ဘူးသီးတောင်မြို့နယ်မှ နောက်ထပ် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ဝ ဦးနှင့်အတူ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က ဘူးသီးတောင်မြို့နယ် အခြေစိုက် (၂၃၄) တပ်ရင်း စစ်ဗျူဟာက ခေါ်ယူမှုကြောင့် သွားရောက်ခဲ့စဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ကျန် ၁ဝ ဦးကို စစ်တပ်က လွှတ်ပေးခဲ့သည်။

ထိုသို့ ဖမ်းဆီးခံလိုက်ရပြီးနောက် စစ်ကြောရေးတွင် ရက်ပေါင်း ၂ဝ ကျော်ကြာ ချုပ်နှောင် စစ်ဆေးခံခဲ့ရပြီး စက်တင်ဘာလ ၂၉ ရက်နေ့၊ ညနေပိုင်း၌ ဘူးသီးတောင် နယ်ခြားစောင့်တပ်ရင်း အမှတ်(၁၃)သို့ လွှဲပြောင်းကာ ယင်းမှတဆင့် ရဲလက်သို့ ထပ်မံလွှဲပြောင်းခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ယင်းနေ့မှ စတင်ကာ ၎င်းတို့နှစ်ဦးကို ရက္ခိုင့်တပ်တော် (AA)အား ထောက်ပံ့ကြေး ကောက်ခံပေးသည်ဟု ဆိုကာ ဘူးသီးတောင် စစ်ကောင်စီတပ် အရာရှိတစ်ဦးက တရားလိုလုပ်ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဦးဟာမိတ်တူဆောင်းနှင့် ဦးဦးကျော်လှ တို့ နှစ်ဦးသည် ဘူးသီးတောင်ထောင်မှတဆင့် အမှု ရင်ဆိုင် နေရခြင်း ဖြစ်သည်။

စစ်ကြောရေးတို့တွင် နှိပ်စက်ခံခဲ့ရသည့် ဒဏ်ရာများကြောင့် နေမကောင်းဖြစ်နေ၍ ပြင်ပတွင် ဆေးကုသခွင့် ပေးရန် မိသားစုများက သက်ဆိုင်ရာကို တောင်းဆိုထားသော်လည်း ကုသခွင့်မပေးသေးဘူးဟု မိသားစုဝင် များက ပြောသည်။

စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော်(AA) အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်ကို ပယ်ဖျက်ပြီး နားလည်မှုဖြင့် နှစ်ဘက် အပစ်ရပ်စဲထားသော်လည်း အေအေနှင့် ဆက်သွယ်သည်ဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ ရခိုင်ဒေသခံများကို မတရားအသင်း ဆက်သွယ်မှုပုဒ်များ၊ အကြမ်းဖက်မှုများဖြင့် တရားစွဲဆိုပြီး ထောင်ချနေဆဲ ဖြစ်သည်။

ဇူလိုင် ၁၁ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူ တောင်ကုတ်မြို့ နယ်၊ ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ရွာမှ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း၊ ကိုထွေးမောင်၊ မအီမြို့ မှ ညီအစ်ကိုနှစ်ဦးဖြစ်သော ကိုသန်းဇော်ဌေးနှင့် ကိုသန်းဇော်ဇော်တို့ကို ဖမ်းဆီးပြီး ၃ နှစ်ကျော်ကြာ အမှုရင်ဆိုင် ခဲ့ရပြီးနောက် စစ်ကောင်စီ၏ တောင်ကုတ်မြို့နယ် တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-က ဖြင့် ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်သည်။

အလားတူ ရက္ခိုင့်တပ်တော် (AA)ကို ငွေကြေးထောက်ပံ့မှု၊ သတင်းပေးမှု သံသယနှင့် ဖမ်းဆီးပြီး ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခဲ့သည့် သံတွဲခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကိုဝင်းမောင်မောင်ဖြိုး (၃၄) နှစ်ကိုလည်း ဇူလိုင် ၇ ရက်နေ့က သံတွဲမြို့နယ် တရားရုံးက အမှုနှစ်ခုတွင် နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှု ၅၀၅-က၊  အမှုတစ်တစ်ခုအတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...
November 1, 2024
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊...
October 31, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ နာဇီရွာ(ခေါ်)စက်ရုံစုရပ်ကွက်ရဲစခန်းအနီးရှိ နေအိမ်များ...
October 29, 2024
စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်း တင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊...