ရခိုင်ပြည်နယ်မှ စစ်တွေအပါအဝင် မြို့များနှင့် ရန်ကုန်အကြား ကားလမ်း တစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေး ရေးဂိတ် ၁ဝ ခုကျော်က ငွေကြေး တောင်းခံနေမှုများကြောင့် ကုန်ကားသမားများ အခက်အခဲ ရှိနေကြောင်း ကား သမားများက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဖြတ်သန်းသွားလာနေသော ကုန်တင်ကားများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး လက်မှတ်ဖြင့် ဖြတ်သန်းသွားလာခွင့် ပြုထားပြီး နယ်လုံလက်မှတ် မပါလျှင် ကုန်ကား တစ်စီးကို စစ်ကောင်စီ ဂိတ်တစ်ခုက ငွေကျပ် ၁ သောင်းမှ ၃ သောင်းခန့်အထိ တောင်းခံသည်ဟု အမည်မဖော် လိုသည့် ကားသမားတစ်ဦးက ပြောသည်။
ကားသမားတစ်ဦးက “လွန်ခဲ့တဲ့ ၂ နှစ် လောက်ကတည်းက ခက်ခဲနေတာ။ နယ်လုံဆီ လက်မှတ်ရဖို့ စာတင်ရင် အရမ်းကြာတယ်။ ဒါကြောင့် ဂိတ်တွေကို ငွေပေးပြီးမှ သွားနေကြရတာပါပဲ။ လမ်းခရီးတလျှောက်ကို သိန်းနဲ့ ချီ ပြီး ပေးနေရတယ်” ဟု ပြောသည်။
နယ်လုံလက်မှတ် မပါလျှင် စစ်တပ်စစ်ဆေးရေးဂိတ်များကို ဖြတ်ခွင့်မပေးဘဲ ငွေမပေးမှသာလျှင် ဖြတ်သန်း ခွင့်ပြုကြောင်း ကားသမားများက ပြောဆိုသည်။
နောက်ထပ် စစ်တွေကားဂိတ်မှ ကားသမားတစ်ဦးက “ငွေမပေးရင် အချိန်ကြာကြီးစစ်တယ်။ ဟိုမေးဒီမေး လုပ် တယ်။ သွားခွင့်မပြုဘူး။ ကုန်တင်ကားတွေက ကုန်စိမ်းတွေပါလာရင် အချိန်နဲ့ တပြေးညီ ရောက်ဖို့လိုတယ်။ ဒီတော့ အချိန်အကြာကြီးနေလို့ မရတော့ သူတို့ တောင်းတဲ့ပိုက်ဆံကို ပေးကြရတာပါဘဲ။ အခုဖြစ်နေတာက အထိန်းအကွပ် မရှိဘူး၊ အကုန်လုံးကို ကြောက်နေရတယ်။ မတရားတောင်းတာကို တွေ့ရင်လည်း တိုင်လို့မရဘူး။ တကယ့် ဥပဒေမဲ့ဖြစ်နေပါပြီ။ ရသူတောင်းစားအဲသလိုဖြစ်နေတာ” ဟု ပြောသည်။
ရန်ကုန် - စစ်တွေ ကားလမ်းတလျှောက်တွင် စစ်ကောင်စီ ဂိတ် ၁၂ ဂိတ်ခန့်ချထားပြီး ဂိတ်တစ်ခုကို ဖြတ်တိုင်း ကားရပ်ပြီး ငွေကြေး ကောက်ယူနေသည်ဟု ကားသမားများ၏ ပြောပြချက်အရ သိရသည်။
ရက္ခိုင့်တပ်တော်(AA)ကမူ ကားလမ်းတစ်လျှောက် အချို့နေရာများတွင် စစ်ဆေးမှုများရှိသော်လည်း စစ်ကောင်စီ တပ်သားများကဲ့သို့ ငွေကြေးတောင်းယူခြင်းမရှိဟု ကားသမားများက ပြောသည်။
အမည်မဖော်လိုသည့် ကားသမားတစ်ဦးက “ဂိတ်က ၁၂ ဂိတ်လောက် ဖြတ်ရတယ်။ စကစကလည်း စစ်သလို AA ကလည်းစစ်တယ်။ AA ကို ငွေပေးရတာတော့ မရှိပါဘူး” ဟု ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီဂိတ်များက ပိုက်ဆံကောက်ခံသဖြင့် ကုန်တင်ကားများ အနေဖြင့် ပို့ဆောင်သည့် ပစ္စည်း များကို အသေးတစ်ထုပ်မှ စတင်ကာ အဖိုးအခအဖြစ် ကျပ် ၃၀၀၀ မှစပြီး ကောက်ခံနေကြရသည်ဟု ဆိုသည်။
မင်းပြားဒေသခံ အမျိုးသမီးတစ်ဦးက “ရန်ကုန်က ပစ္စည်းတစ်ခုမှာတာ လက်ဝါးလောက်ပဲရှိမယ်။ ရန်ကုန်ကနေ မြောက်ဦးကားဂိတ်ကို ၄၀၀၀ ပေးရတယ်။ အဲ့ဒါက ပစ္စည်းတန်းဖိုးထက် ကားခက ပိုပြီး စျေးတက် သွားတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ် အနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ရခိုင်ပြည်နယ်သို့ ဆေးဝါးနှင့် ကျွန်းသစ်များကို လုံးဝ တင်သွင်းခွင့် ပိတ်ထားပြီး ကုန်စည်နှင့် တခြား အိမ်ဆောက်ပစ္စည်းများမှအစ နယ်လုံလက်မှတ်ပါမှသာ သွားလာခွင့်ပြုထားခြင်း ဖြစ်သည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင် တိုက်ခတ်သွားသည့် မိုခါ မုန်တိုင်း အပြီးတွင်လည်း အိမ်ဆောက်ပစ္စည်း သယ်ယူ ခွင့်များကို ကန့်သတ်မှုများရှိနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယင်းကဲ့သို့ ကန့်သတ်ထားမှု များကြောင့် စစ်ကောင်စီအား ဝေဖန်မှုများ ရှိနေသော်လည်း ဖြေလျှော့ပေးမှု မရှိသေးကြောင်း ရခိုင်မှ တက်ကြွ လှုပ်ရှားသူများက ထောက်ပြကြသည်။
ယခုကဲ့သို့ ကားလမ်းမတစ်လျှောက် စစ်ကောင်စီတပ်က ကန့်သတ်ပိတ်ပင်ထားမှုများကြောင့် ရခိုင်ပြည်နယ်တွင် ကုန်စည်စျေးနူန်းများမှာ အဆမတန် မြင့်မားလျက်ရှိပြီး ဒေသခံများအနေဖြင့်လည်း စားဝတ်နေရေး အခက်အခဲ များ ရှိနေကြသည်။