ချင်း-မကွေးနယ်စပ် ရင်းကဲရွာသား ၂၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီး

ချင်း-မကွေးနယ်စပ် ရင်းကဲရွာသား ၂၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီး

မကွေးတိုင်းနှင့် ချင်းပြည်အစပ် ဆောမြို့နယ်၊ ရင်းကဲရွာ၏ ရွာလုံးကျွတ်နီးပါးမီးရှို့ခံရမှု အခြေအနေကို သွား ကြည့်ကြသည့် ရင်ကဲကျေးရွာက ပြည်သူ အယောက် ၂၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး လောင်းရှည်မြို့ စစ်စခန်းကို ခေါ်ဆောင်သွားသည်။

ဇူလိုင်လ ၁၅ ရက်နေ့တွင် အဆိုပါ ဒေသခံ ပြည်သူ အယောက် ၂၀ ခန့်ကို စစ်တပ်က ဖမ်းဆီးသွားခြင်း ဖြစ် သည်ဟု ဒေသခံများနှင့် ချင်းကာကွယ်ရေးတပ်-ကန်ပက်လက်မှ တာဝန်ရှိသူများက ပြောသည်။

ချင်းကာကွယ်ရေးတပ် - ကန်ပက်လက်၏ Khonu တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက “ရင်းကဲရွာ မီးရှို့ခံထားရ တော့ သူတို့ အိမ်ပါ မပါ သွားကြည့်တဲ့ အဖွဲ့တွေကို ဖမ်းသွားတယ်။ ခန့်မှန်းခြေ ၂၀ လောက် ရင်းကဲပြည်သူတွေ ပါသွားတယ်။ ဖမ်းခံရတဲ့ သူတွေကို စစ်တပ်က သူတို့အထိုင်ချထားတဲ့ လောင်းရှည်ကို ခေါ်သွားတယ်။ အခုက စစ်တပ်က ရင်းကဲရွာထဲမှာ ကင်းပုန်းဝပ်နေတယ်” ဟု ပြောသည်။

ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက် ၄ နာရီအချိန်ခန့်တွင် ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်များက စစ်ကောင်စီတပ်၏ စစ်ကြောင်းကို တိုက်ခိုက်ရာ နံနက် ၈ နာရီအချိန်ခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် ရင်းကဲကျေးရွာအနီးတွင် ကားများ ရပ်နားထားကာ ဖြန့်ကျက်နေရာယူထားသည်ဟု ဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့က ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ရိက္ခာနှင့် လက်နက်လာပို့သော စစ်ကောင်စီ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီက ထိခိုက်ကျဆုံးမှုများရှိ၍ ရင်းကဲကျေးရွာကို မီးလောင်ဗုံးဖြင့် ပစ်ခတ်ကာ ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့သောကြောင့် အိမ်ခြေ ၃၅၀ ခန့်ရှိသော ရွာမှာ အိမ်ခြေ ၃၀၀ ကျော် မီးလောင်ကျွမ်းခဲ့သည်။

ချင်းကာကွယ်ရေးတပ် - ကန်ပက်လက်၏ ခေါနုတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက “မနေ့က ၁၁ နာရီလောက်က တိုက်ပွဲဖြစ်တယ်။ စကစက လက်နက်ကြီးနဲ့ ထုတယ်၊ ကလေးတစ်ယောက် ဒဏ်ရာရတယ်၊၊ လက်နက်ကြီးနဲ့ ထုတော့ ရင်းကဲရွာ မီးလောင်တယ်။ နောက်ပိုင်းစကစက သူတို့ ကိုယ်တိုင်း သွားရှို့တာပါ။ မနေ့က မိုးချုပ်တဲ့ အထိ တိုက်ပွဲတွေ ဖြစ်နေတယ်” ဟု ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီ ကားတစ်စီးကို ဖျက်စီးနိုင်ခဲ့ပြီး စစ်ကောင်စီက ထိခိုက်ဒဏ်ရာ ရရှိသူများကို လောင်း ရှည်မြို့တွင် ဆေးကုသပေးနေကာ ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်က ထိခိုက်မှု မရှိခဲ့ကြောင်း ကာကွယ်ရေးတပ် တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။

စစ်ကောင်စီစစ်ကြောင်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များ၊ ယောနယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များက ပူးပေါင်း၍ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ကျင်ဒွေးမြို့ကို ဦးတည်နေသော စစ်ကောင်စီ စစ်ကြောင်းတွင် အင်အား ၃၀၀ ခန့်ပါပြီး တင့်ကား ၂ စီး၊ JCV ကားတစ်စီးနှင့် စစ်ကား ၂၀ ကျော် ပါဝင်သည်ဟု ဆိုကြသည်။

စစ်ကောင်စီသည် ကျောက်ထု အမြောက်တပ်မှ အင်အား ၂၀၀ ခန့်ပါရှိသော စစ်ကြောင်းနှင့် လောင်းရှည်မြို့မှ အင်အား ၃၀၀ ခန့်ပါရှိသော စစ်ကြောင်းတို့ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲကာ စစ်ကြောင်း ထိုးလာမှုနှင့်အတူ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် သတိပေးချက်များကို လိုက်နာရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ က ထုတ်ပြန်ထားသည်။

Most read this week

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...