မင်းပြားတိုင်းဗဟို ၉ က လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ ကြားရ

မင်းပြားတိုင်းဗဟို ၉ က လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ ကြားရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ သင်တန်းကျောင်းတစ်ခု ဖြစ်သည့် တိုင်းဗဟို (၉) မှ လက်နက်ကြီး ပစ်သံနှင့် လက်နက်ငယ် ပစ်ခတ်သံများကို ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၂ ရက်၊ နံနက် ၇ နာရီခန့်တွင် လက်နက်ကြီး ပစ်ခတ်သံ (၁၀) ချက်ခန့်အထိ ရှိခဲ့ကြောင်း အမည်မဖော် လိုသည့် မေလွမ်းကျေးရွာသားတစ်ဦးက ပြောသည်။

“မနေ့က ကျနော် ကြားလိုက်တာက ၆ ချက်လောက်အထိ ကြားလိုက်ရတေ။ တချို့လူတွေ က ၁၀ ချက်လောက် အထိ ကြားရတယ်လို့ ပြောကြပါတယ်။ လက်နက်ကြီး အသံကြားတော့ တိုက်ပွဲတွေများ ဖြစ်နေလားဆိုပြီးတော့ ဒေသခံတွေက စိုးရိမ်းမှုတွေ ရှိတာပေါ့” ဟု ဆိုသည်။

လက်နက်ကြီး အသံအပြင် လက်နက်ငယ် အသံများကိုလည်း ကြားခဲ့ရကြောင်း ယင်းအနီးအနားရှိ ကျေးရွာသား များက ဆိုကြသည်။

ကမ်းနီ ကျေးရွာသားတစ်ဦးက “လက်နက်ငယ်သံတွေလည်း ကြားရတယ်။ လက်နက်ကြီး ပစ်တာကတော့ မှန်ပါတယ်” ဟု ဆိုသည်။

တိုင်းဗဟို (၉) စစ်သင်တန်းကျောင်းမှာ သင်တန်းဆင်းပွဲ ပြုလုပ်သည့်နေ့များတွင် လက်နက်ကြီးသံများ ပစ်ခတ်  လေ့ရှိသည်ဟုလည်း  ဆိုကြသည်။

သို့သော်လည်း ဒေသခံများအနေဖြင့်  ရုတ်တရက် လက်နက်သံများ ကြားရသည့်အပေါ်  တိုက်ပွဲဖြစ်ပွားသည်ဟု ထင်မှတ်ကာ စိုးရိမ်မှုများရှိနေခြင်း ဖြစ်သည်။

မင်းပြားမှ တက်ကြွလှုပ်ရှားသည့် လူငယ်တစ်ဦးက “ချဲရွာဆိုရင် တိုင်းဗဟို (၉)နဲ့ တစ်မိုင်လောက်ပဲ ဝေးတယ်။ လက်နက်ကြီးသံ ရုတ်တရက်ကြီး ထွက်လာတော့ ကလေးတွေရော၊ လူကြီးတွေရော လန့်ကုန်ကြတယ်။ သူတို့ သင်တန်း ဆင်းပွဲလုပ်လုပ်၊ ဘာလုပ်လုပ်ကျေးရွာသားတွေကို အသိပေးပြီးမှ လုပ်သင့်တယ်” ဟု ဆိုသည်။

ချဲရွာ၊ ကမ်းနီရွာ၊  မေလွမ်းနှင့် ဦးဘုတောင်ကျေးရွာတို့မှာ တိုင်းဗဟို (၉)နှင့် အနီးဆုံး ရွာများဖြစ်ကြသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နှင့် ၈ ရက်တို့ကလည်း တိုင်းဗဟို (၉)မှ လက်နက်ငယ် ပစ်ခတ်သံများ ၂ ရက်ဆက်တိုက် ထွက်ပေါ်ခဲ့သေးသည်။

မင်းပြား တိုင်းဗဟို (၉)သည် စစ်ကောင်စီတပ်၏ စစ်ရေး လေ့ကျင့်သည့်နေရာ တစ်ခုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ် လတွင် ရက္ခိုင့်တပ်တော် (AA) က စီးနင်း ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့သည့် နေရာလည်း ဖြစ်သည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှ စတင်ကာ ယနေ့အချိန်ထိ အပစ်အခတ်ရပ်စဲထားသဖြင့် သေနတ် သံများ တိတ်ဆိတ်နေချိန်တွင် ရုတ်တရက် လက်နက်ကြီးသံများ ထွက်ပေါ်လာသဖြင့် အနီးအနားရှိ ပြည်သူများ အနေဖြင့် စိုးရိမ်ထိတ်လန့်မှု ဖြစ်ခဲ့ကြရသည်ဟု ဆိုသည်။

November 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား...
November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...
November 1, 2024
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊...
October 31, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ နာဇီရွာ(ခေါ်)စက်ရုံစုရပ်ကွက်ရဲစခန်းအနီးရှိ နေအိမ်များ...