ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အဓိက လမ်းမကြီးတစ်ခုဖြစ်သည့် ကော့ကရိတ်-ကြာအင်းဆိပ်ကြီး လမ်း ကို စစ်ကောင်စီဘက်က ဖျက်ဆီးကာ သွားလာရေး ပိတ်လိုက်ပြီးနောက် မိုးတွင်းကာလ ဒေသထွက် ဒူးရင်းသီး များ သယ်ယူရောင်းဝယ်ရ ခက်ခဲလာသည်ဟု ဒူးရင်းသီးရောင်းဝယ်သူများက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့က အဆိုပါလမ်းကြောင်းပေါ်ရှိ တောင်ကြာအင်းကျေးရွာလမ်းကို စစ်ကောင်စီတပ် မှ ဖျက်ဆီးလိုက်သည့်အတွက် ယခုလို ဒူးရင်းသီးနှင့် အခြားဒေသ ထွက်သီးနှံ ပေါ်သည့် အချိန်တွင် ဒေသခံများ မှာ ရောင်းဝယ်ရေးအတွက် သယ်ယူပို့ဆောင်ရန် ခက်ခဲလာခြင်းဖြစ်ကြောင်း ဒူးရင်းသီး ရောင်းဝယ်နေသူ နန်းသိန်းက ပြောသည်။
“လမ်းက အရမ်းခက်ခဲတာပေါ့။ ကုန်ကျစရိတ်လည်းများတယ်။ အခုဆို ကမ္မရိုက်လမ်းဘက် ဘောနဲ့ ကမ်းကူး သွားရတယ်။ အဲ့ဒီမှာက ဘောခ စျေးအရမ်းကြီးတော့ တွက်ခြေမကိုက်ဘူး။ တောင်ကြာအင်း တံတားပေါ်မှာပဲ ဒူးရင်းသီး သယ်တယ်။ စစ်တပ်ဘက်က တစ်ခါတစ်လေ အချိန်နဲ့ပေးသယ်တာရှိတယ်။ တံတားပေါ်မှာ ဆိုင်ကယ် နဲ့ပဲ ပေးသယ်တော့ တံတားအောက်ကနေ အပေါ်ဘက်ကို ဒူးရင်းသီး ပစ်တင်ပြီး သယ်ရတယ်။ အချိန်ယူပြီး သယ်လို့ မရဘူး” ဟု သူမက ကေအိုင်စီသို့ ပြောသည်။
တောင်ကြာအင်း တံတားအနီးတွင် စစ်ကောင်စီတပ်မှ လမ်းဖျက်ဆီးလိုက်ပြီးနောက် အဆိုပါဒေသရှိ ဒေသခံများ သည် သွားလာရေး ပိုမိုခက်ခဲလာကာ ဒေသအတွင်းရှိ ဒူးရင်းသီးများလည်း လာရောက်ဝယ်ယူသူများ၏ စျေးနှိမ် ခြင်းကိုပါ ခံရကြောင်း ဒူးရင်းသီးခြံ ပိုင်ရှင်တစ်ဦးကလည်း ကေအိုင်စီသို့ ပြောဆိုသည်။
၎င်းက “အရင်တုန်းကဆိုရင် ဘယ်သူမဆို ကြိုက်တဲ့အချိန် ဒူးရင်းသီးလာဝယ်တယ်။ ရောင်းတောင် မလောက် ဘူး။ အခုက လာဝယ်တဲ့လူတော့ ရှိတယ်။ သူတို့က လာရတာ လမ်းခက်ခဲတော့ ဒူးရင်းသီးစျေးကို အရမ်း စစ် တယ်။ ခေါ်တဲ့ စျေးမရဘူး။ စျေးနှိမ်ခံရတယ်လို့ ပြောရတာပေါ့။ ပြီးတော့ တောင်ကြာအင်း တံတားမရှိတုန်းက ချောင်းမှာ လှေနဲ့ ဘောနဲ့ ဖြတ်လို့ရတယ်။ အခုက မရဘူး။ ကမ္မရိုက်တစ်နေရာပဲ ဖြတ်လို့ရတယ်။ လမ်းလည်း မကောင်းဘူး။ ဒီဘက်တစ်ခွင်က တစ်နေရာပဲရှိတော့ ကားတွေ၊ ဆိုင်ကယ်တွေများတယ်။ အချိန်မှီ မရောက်ဘူး” ဟု ပြောသည်။
ဒေသထွက်သီးနှံများအနက် ဒူးရင်းသီးတစ်မျိုးသာ စျေးကောင်းရရှိပြီး ကျန်သည့် နာနတ်သီး၊ မင်းကွတ်သီးနှင့် သံပုရာသီးတို့မှာ စျေးကောင်းမရရှိကြောင်း ဒေသခံ ဥယျာဉ်ခြံ စိုက်ပျိုးလုပ်ကိုင်သူများက ပြောသည်။
လက်ရှိအချိန်တွင် ဒေသထွက် ပင်ရင်း ဒူးရင်းသီးစျေးမှာ အလုံးအငယ်ဆုံး ၂၀၀၀ ကျပ်မှ အကြီးဆုံး ၆၀၀၀ ကျပ် အထိ စျေးရှိပြီး မင်းကွတ်သီးမှာ အလုံး ၁၀၀ ကို ၅၀၀၀ ကျပ်နှင့် နာနတ်သီးတစ်လုံးကို ကျပ် ၁၀၀၀ အောက်သာ ရောင်းစျေးရှိသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အဆိုပါလမ်းကြောတွင် လမ်းဖျက်ဆီးမှု ပြုလုပ်လိုက်ပြီးနောက်ပိုင်း သွားလာ ရေးပိုင်း ပိုမိုခက်ခဲလာပြီး ရပ်ရွာဒေသအတွင်း မြို့ပေါ်မှ သယ်ယူရောင်းချရသည့် အခြားသော ကုန်ပစ္စည်းများမှာ လည်း စျေးနှုန်းများများ အဆမတန် တက်သွားကြောင်း ဒေသခံ ရွာသူရွာသားများက ပြောသည်။