ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)အဖွဲ့ကွဲမှ တပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သား ၂ ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံရသည့် ALP တပ်ဖွဲ့ဝင် ၂ ဦးမှာ မောင်တောမြို့မှ ALP ၏ စီးပွားရေးတာဝန်ခံ အာရ်ဂျေ ကေတီဗီပိုင်ရှင် ဦးမောင်သိန်းဦး၏သား ကိုချစ်မင်းနှင့် ဘင်္ဂလားဒေ့ရှ်သို့ နွားပို့နေသည့် တပ်ဖွဲ့ဝင်တစ်ဦးတို့ ဖြစ်သည်ဟု ဆိုသည်။
၎င်းတို့နှင့်အတူ ဖမ်းဆီးခံထားရသည့် အရပ်သား ၂ ဦးမှာ မောင်တောမြို့မှ ကိုသန်းလှိုင် (ခေါ်) မောင်ရွှေဘုနှင့် ကိုခင်မောင်ထွန်းတို့ ဖြစ်သည်ဟုဆိုကြသည်။
၎င်းတို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့တွင် မောင်တောမြို့နယ် အတွင်းရှိ မြောင်တစ်ခုသို့ ပျော်ပွဲစားသွားရာ ၄ လမ်းခုလတ်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း ဌာနဆိုင်ရာ ဝန်ထမ်း တစ်ဦး က နိရဉ္စရာ ကို ပြောသည်။
“ဘာကြောင့် ဖမ်းလဲတော့ မသိဘူး။ AA က ဖမ်းသွားတယ်လို့ပဲ ကြားပါတယ်။ ALP က နှစ်ယောက်၊ အရပ်ဘက် က နှစ်ယောက်လို့ ပြောကြတယ်။ အရပ်ဘက်က နှစ်ယောက်ကိုတော့ လွှတ်ပေးလိုက်မယ် ဆိုပြီးတော့လည်း ကြားပါတယ်” ဟု ပြောသည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး ALP ၏ အတွင်းရေးမှူး ဗိုလ်မှူးခိုင်သူရိန်ကို နိရဉ္စရာ က ဇူလိုင်လ ၁၀ ရက်နေ့၊ ညနေ တွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
အလားတူ AA ၏ ပြောခွင့်ရသူ ဦးခိုင်သုခအား နိရဉ္စရာက ဆက်သွယ် မေးမြန်းထားသော်လည်း အကြောင်းပြန် ကြားမှု မရှိသေးပါ။
ထို့ကြောင့် ဖမ်းဆီးခံထားရသူ ၄ ဦးအား ရက္ခိုင့်တပ်တော်က ဖမ်းဆီးသွားသည်ဟု သတင်းများ ထွက်ပေါ်နေ သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများကို မေးမြန်း၍ မရသေးသဖြင့် နိရဉ္စရာ အနေဖြင့် လက်ရှိအချိန် သီးခြား အတည်မပြုနိုင်သေးပေ။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က စစ်တွေမြို့တွင် ALP ခေါင်းဆောင် ၃ ဦး လုပ်ကြံ သတ်ဖြတ်ခံရပြီး နောက်တစ် နေ့တွင် ၎င်းတို့ ၄ ဦး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ အမျိုးသား ၄ ဦး ဖမ်းဆီးခံရပြီးနောက် မောင်တောမြို့ရှိ အာရ်ဂျေ ကေတီဗီအပါအဝင် အခြား ကေတီဗီ များနှင့် စားသောက်ဆိုင်များကိုလည်း စစ်ကောင်စီက ညအချိန် ဝင်ရောက် စစ်ဆေးခြင်းများရှိနေသည် ဟု မြို့ခံ များက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့၊ ညအချိန်က မောင်တောမြို့နယ်ရှိ နခခ (၇) လက်အောက်ခံ နယ်မြေ (၅) နယ်ခြားစောင့်ရဲစခန်းမှ နယ်ခြားစောင့် ရဲအရာရှိ ၃ ဦးထွက်ပြေးသွားသည့် ကိစ္စကြောင့်လည်း မောင်တောမြို့ အဝင်အထွက်နေရာများတွင် လုံခြုံရေးပိုင်းပို ပိုမိုတင်းကြပ်ထားလျက်ရှိပြီး စစ်ဆေးမှုများလည်း တင်းကြပ်နေ သည်ဟု မြို့ခံများက ပြောသည်။