ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်အတွင်းက နှစ်ရက်ဆက်တိုက်ပွဲတွင် စစ်ကောင်စီက ၁၄ ဦးသေဆုံးဟုဆို

ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်အတွင်းက နှစ်ရက်ဆက်တိုက်ပွဲတွင် စစ်ကောင်စီက ၁၄ ဦးသေဆုံးဟုဆို

ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ များကြား နှစ်ရက်ဆက်တိုက် ဖြစ်ပွားသော တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးကြောင်း မြေပြင်တော် လှန်ရေး အင်အားစုများက‌ပြောသည်။

ဇူလိုင်လ ၂ ရက် နေ့လည်က ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ် နေသော စစ်ကောင်စီတပ်ကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ သည်ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား လေး ဦးသေဆုံးပြီး  ရဲ နှစ်ဦး သေနတ်ကျည်ထိမှန်ဒဏ်ရာရသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော် က ပြောသည်။

ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်က “စစ်ကောင်စီဘက်က အင်အား ၆၀ လောက်ရှိတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က လေး ဦးသေတယ်။ ရဲ နှစ် ဦးပေါင်ထိပြီး ကျောက်တံခါးဆေးရုံကိုပို့ထားရတယ်။ PDF ဘက်ကတော့ တစ်ဦးမစိုးရိမ်ရဒဏ်ရာရပါတယ်” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်‌နေ့ဇူလိုင်လ ၃ ရက်ကလည်း ကျောက်တံခါးမြို့၊ ဖျံတလင်းကျေးရွာ အထွက်တွင် လက်နက်ကြီးဆင်၍ ကျေးရွာများဘက်သို့ ထပ်မံပစ်ခတ်နေသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များ ကလည်း ထပ်မံတိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရသေး ပေ။

ကျောက်တံခါးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၈ ဦးသေဆုံးခဲ့သည်။

ထို့အပြင် ကျေးရွာ ၁၃ ရွာမှ ဒေသခံပြည်သူ အများအပြားသည် စစ်ဘေးရှောင်နေကြရသည်ဟု သတင်းရရှိ သည်။

ရေတာရှည်မြို့နယ်တွင်လည်း ဇူလိုင်လ ၃ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

ရေတာရှည်မြို့နယ် မြေပြင် သတင်းအရင်းအမြစ်က “တိုက်ပွဲကြာချိန်က ၁ နာရီဝန်းကျင် ရှိလောက်ရှိမယ်ဗျ။ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေတယ်။ ထိခိုက် ဒဏ်ရာရသူတွေလည်းရှိတယ်” ဟု ပြောသည်။

ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်အတွင်း အထက်ပါတိုက်ပွဲများတွင်စစ်ကောင်စီဘက်က ထိခိုက်မှုကို မဇ္ဈိမ အနေဖြင့် အသေးစိတ်အတည်မပြုနိုင်သေးပေ။ ထို့အပြင် ညောင်လေးပင်မြို့နယ်၌လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာလျက်ရှိနေသည်။

ပဲခူးတိုင်းအတွင်း ထိုသို့ စစ်ရေးတင်းမာနေစဉ် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင် ပိုင်းတိုင်း စစ်ဒေသခွဲက ရန်ကုန်-နေပြည်တော်အမြန်လမ်းပိုင်းနှင့် ရန်ကုန် - မွန်ပြည်နယ်လမ်းပိုင်း၊ ရန်ကုန် -ကရင်ပြည်နယ် လမ်းပိုင်းအချို့အပါအဝင် တောင်ပိုင်းတိုင်း စစ်ဒေသခွဲ၊ စစ်ဒေသခွဲအမှတ် (၂) အတွင်းရှိ အဓိက လမ်းပိုင်းများအား သွားလာခွင့်ကန့်သတ်ကြောင်း ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

တောင်ပိုင်းတိုင်းစစ်ဒေသခွဲအတွင်း စစ်ရေးအရှိန်တိုးမြှင့်လာရန် ထိုကဲ့သို့ ကန့်သတ်ရခြင်းဖြစ်ကြောင်းနှင့် “လမ်း များအားလုံးနေပြည်တော်သို့” စစ်ဆင်ရေး၏ တစိတ်တဒေသဖြစ်ကြောင်း ပဲခူးတိုင်း စစ်ဒေသခွဲ ပြန်ကြားရေး တာဝန်ရှိသူ ကိုဝေယံက မဇ္ဈိမကို ပြောကြားထားသည်။

Most read this week

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...