ရမ်းဗြဲမြို့တွင် "သံယောဇဉ်" ထမင်းဆိုင်ဖျက်ဆီးခံရပြီး ဆိုင်ပိုင်ရှင်နှင့် နောက်ထပ်တစ်ဦးတို့ ဖမ်းဆီးခံရ

ရမ်းဗြဲမြို့တွင် "သံယောဇဉ်" ထမင်းဆိုင်ဖျက်ဆီးခံရပြီး ဆိုင်ပိုင်ရှင်နှင့် နောက်ထပ်တစ်ဦးတို့ ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ အမှတ်(၃)ရပ်ကွက်မှ “သံယောဇဉ်” အမည်ရှိ ထမင်းဆိုင်ကို စစ်ကောင်စီ လက် အောက်ခံ အဖွဲ့များမှ အင်အားသုံးဖြိုဖျက်ပြီး ထမင်းဆိုင်ပိုင်ရှင်နှင့် နောက်ထပ် တစ်ဦးတို့ကို ဖမ်းဆီးသွားခဲ့ သည်။

ဖမ်းဆီးခံလိုက်ရသူမှာ ဦးအောင်လွင် အသက် (၅၇) နှစ်နှင့် သူ၏ ညီတော်စပ်သူ ဦးမောင်သန်းဌေး (ခ) မောင်ဘွား အသက် (၄၀) နှစ်တို့ ဖြစ်သည်။

ဇူလိုင်လ ၃ ရက်၊ နံနက် ၁၁ နာရီခွဲတွင် ရဲတပ်ဖွဲ့ဝင် ၄ဝ ဦးခန့် အပါအဝင် မီးသတ်၊ စည်ပင်၊ ဆောက်လုပ်ရေး စသည့် ဌာနဆိုင်ရာ ၅ ခုမှ အင်အား ၁ဝဝ ခန့်သည် ၎င်းတို့ နေအိမ်သို့ ရောက်ရှိလာပြီး အိမ်ကို ဖြိုဖျက်ကာ လူကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူများ၏မိသားစုဝင်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“သူတို့အားလုံး ခြံတွေဘာတွေကိုဖျက်ပြီးဝင်ပါတယ်။ အားလုံးရဲတွေက စကားကို အော်ပြောတဲ့ သူတွေကို ဆွဲ ဖမ်းတယ်။ ဆောက်လုပ်ရေးအဖွဲ့ကတော့ နောက်ကပါ။ ပစ္စည်းတွေ တဖြည်းဖြည်း သိမ်းယူတယ်။ ပြီးတော့ အိမ် တွေကိုလည်း အားလုံးကို ဘော်ဒူဇာတွေနဲ့ ထိုးဖျက်ပစ်ပါတယ်” ဟု ပြောသည်။

ဖျက်ဆီးခံလိုက်သည့်ထမင်းဆိုင်သည် နေအိမ်နှင့်အတူ တွဲလျက်ဖွင့်ထားသည့်ဆိုင်ဖြစ်သည်။

အဆိုပါ ဌာနပေါင်းစုံအဖွဲ့သည် ယနေ့နံနက် ၁ဝ နာရီကျော်တွင် နေအိမ်ရှေ့သို့ စတင်ရောက်လာပြီး (၁) နာရီ အတွင်း နေရာမှဖယ်ရှားပေးရန် မိသားစုဝင်များကို ဖိအားပေးစေခိုင်းခဲ့သည်။

နေအိမ်ပိုင်ရှင်များကလည်း ရုတ်တရက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေချိန်တွင် ရဲအပါအဝင် ဌာနပေါင်းစုံ က အတင်းအဓမ္မ အကြမ်းဖက်ဝင်ရောက်ကာ ဖြိုဖျက်သွားခြင်းဖြစ်ပြီး မဖြိုဖျက်ရန် တားမြစ်သည့်အိမ်ပိုင်ရှင်နှင့် သူ၏ညီတော်စပ်သူတို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ကျနော့်ဦးလေးနဲ့ အဖေကို အမှုမလုပ်ဘဲ ပြန်လွှတ်ပေးဖို့ ပြောချင်ပါတယ်။ တရားမစွဲဘဲ ပြန်လွှတ်လိုက်ဖို့ ပြော ချင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် သူတို့  ၂ ဦးကို ရမ်းဗြဲမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး မိသားစုနှင့်လည်း တွေ့ခွင့်မရသေး ဟု ဆိုသည်။ ယခုကိစ္စနှင့် ပတ်သက်ပြီး ရမ်းဗြဲမြို့မရဲစခန်းကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် မရခဲ့ပါ။

ဖျက်ဆီးခံလိုက်ရသည့် ဆိုင်နှင့်နေအိမ်ခြံဝင်းကိုလည်း ခြံကာရံသွားခဲ့သည့်အတွက် လက်ရှိတွင် အဆိုပါ မိသားစုမှာ ဆွေမျိုးများနေအိမ်တွင် ကပ်ခိုနေနေကြရခြင်း ဖြစ်သည်။

ယခုဖျက်ဆီးခံလိုက်ရသည့် ထမင်းဆိုင်နှင့်နေအိမ်ရှိသည့်ခြံမြေသည် ရမ်းဗြဲမြို့၏ အချက်အချာကျသည့် အမှတ်(၃)ရပ်ကွက်၊ စိုးမဲကျီလမ်းတွင်ရှိပြီး အနံပေ ၅ဝ၊ အလျားပေ ရဝ ကျော်ရှိသည်ဟု ဆိုသည်။

ယင်းခြံသည် ဆောက်လုပ်ရေးဝန်ကြီးဌာနက အထောက်အထား တစ်စုံတစ်ရာ မပြနိုင်ဘဲ သူတို့ဌာနက ပိုင်ဆိုင် သည်ဟုဆိုကာ အကြိမ်ကြိမ် တောင်းဆိုခြင်းခံနေရသည့် ခြံလည်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက်ကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်မှု တစ်စုံတစ်ရာမျှ မပြနိုင်ဘဲ ကျောက်ဖြူခရိုင်၊ အင်ဂျင်နီယာ ဦးဦးအောင်မြင့်နှင့် အင်ဂျင်နီယာများ ဦးဆောင်သော လူဦးရေ ၁၀၀ ကျော်က အဆိုပါခြံရှိ ထမင်းဆိုင်နှင့်နေအိမ်ကို စက်ကြီးများဖြင့် အကြမ်းဖက် ဖယ်ရှားရန် ပြုလုပ်ခဲ့ရာ ရပ်ကွက် နေ ပြည်သူများက ဝင်ရောက်ညှိနှိုင်းမှုကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ဆိုသည်။

မြို့ခံများနှင့် အိမ်ပိုင်ရှင်မိသားစုများ၏ပြောဆိုချက်အရ အဆိုပါမြေနေရာသည် ယခင် နှစ်ပေါင်း ၁ဝဝ ကျော်ခန့် က သူဌေးကြီးတစ်ဦးက ဘိုတဲအဖြစ် ဆောက်လုပ်နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် ယင်းနေရာမှ ပြောင်းသွားခဲ့ သည်။

နှစ်ကာလကြာမြင့်လာသည့်အခါ အဆောက်အအုံများ ပြိုပျက်ပြီး ရွှံ့နွံတောများဖြစ်နေ၍ စစ်အစိုးရခေတ်က စစ်ထောက်လှမ်းရေးများက ပြန်လည်ပြုပြင်နေထိုင်ခဲ့ကြသည်ဟု မြို့ခံများက ပြောသည်။

စစ်ထောက်လှမ်းရေးများက ယခုနေထိုင်သည့်မိသားစုကို ပြီးခဲ့သည့်နှစ်ပေါင်း ၂ဝ ကျော်ခန့်မှစတင်ကာ ဝင် ရောက်နေထိုင်ခွင့်ပြုခဲ့ရာမှ ယခုကဲ့သို့ နေထိုင်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဌာနနှင့် ဘာမျှ မဆိုင်ဟုလည်း ရမ်းဗြဲမြို့မိမြို့ဖတစ်ဦးက နိရဉ္စရာ ကို ပြောဆိုဖူးသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကလည်း အဆိုပါမြေနေရာအား ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပိုင်ဆိုင်သည်ဟု ဆိုကာ ဆောက်လုပ်ရေး ဝန်ကြီးဌာနက နေအိမ်ပိုင်ရှင်ကို တရားစွဲဆိုခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပိုင်ဆိုင် ကြောင်း အထောက်အထား တစ်စုံတစ်ရာ မပြနိုင်ခဲ့၍ တရားရုံးက အဆိုပါတရားစွဲဆိုမှုအား ပယ်ချခဲ့ရသည်ဟု ဆိုသည်။

ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
November 5, 2024
အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး...
November 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား...
November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...
November 1, 2024
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊...