ရခိုင်ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ဆရာ/မ လုံလောက်မှုမရှိ၍ စာသင်ကြားရာတွင် အခက်အခဲဖြစ်

ရခိုင်ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ဆရာ/မ လုံလောက်မှုမရှိ၍ စာသင်ကြားရာတွင် အခက်အခဲဖြစ်

ရခိုင်ပြည်နယ်ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ဆရာ၊ ဆရာမများ လုံလောက်မှုမရှိသဖြင့် စာသင်ကြား ရာတွင် အခက်အခဲများ ရှိနေသည်ဟု ဆရာ၊ ဆရာမများက ပြောသည်။

မင်းပြားမြို့နယ်၊ ကြိမ်ချောင်း အထက (၁)ကျောင်းတွက် အထက်တန်းပြ နှင့် မူလတန်းပြ ကျောင်းဆရာ/မများ မှာ လုံလောက်မှု ရှိနေသော်လည်း အလယ်တန်းတွင် သင်ကြားပေးမည့် ဆရာ၊ ဆရာမ လုံလောက်မှုမရှိ၍ သင် ကြားရေးပိုင်းအတွက် အခက်အခဲဖြစ်နေကြောင်း ယင်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာ ကို ပြောသည်။

“အလယ်တန်း ဆရာ၊ ဆရာမတွေ ၃ ယောက်ပဲ ရှိပါတယ်။ ပုံမှန်ဆိုတော့ အနည်းဆုံး ၆ ယောက် လိုပါတယ်။ ခွဲ ဝေက အလယ်တန်းမှာ ၁၀ ယောက်အထိ ရှိပါတယ်။ လက်ရှိကတော့ ၃ ယောက်တည်းနဲ့ လည်ပတ်နေရတော့။ လိုက်မမီရင် စာသင်ချိန်တွေ နည်းသွားတာပေါ့။ အလယ်တန်းအတွက် ဆရာ၊ ဆရာမတွေ ချပေးရင် ကောင်း မယ်” ဟု ပြောသည်။

အဆိုပါကျောင်းတွင် KG အတန်းမှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၀၀ ကျော်ခန့်ရှိပြီး ဆရာ၊ ဆရာမအပါအဝင် ရုံးဝန်ထမ်း ၁၇ ဦး ရှိသည်ဟု ၎င်းက ပြောသည်။

မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်ရှိ အထက (၂) ကျောင်းတွင်လည်း အထက်တန်းပိုင်းတွင် သင်ကြားမည့် ဆရာ၊ ဆရာမများ လိုအပ်နေသည်။

အဆိုပါကျောင်းတွင် အထက်တန်း၌ ကျောင်းသား၊ ကျောင်းသူ ၇၀၀ ကျော်ခန့်အား ဆရာ/မ ၁၄ ဦးက မနားမနေ သင်ကြားနေရရာ ကြောင်းအမျိုးမျိုးကြောင့် ခွင့်ရက်များ ရယူမည်ဆိုပါက အထက်တန်းပိုင်းတွင် အစားထိုး ဝင် ရောက် သင်ကြားပေးမည့် ဆရာ၊ ဆရာမ လုံလောက်စွာ မရှိကြောင်း ထိုကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးကျော်တင်လှိုင်က နိရဉ္စရာကို ပြောသည်။

“Grade 12 တစ်ခုပိုလာတော့ အနည်းဆုံးတော့ ၅ ယောက်၊ ၆ ယောက်လောက်တော့ တိုးပေးဖို့ လိုပါတယ်။ အထက်တန်းပိုင်းက ကျောင်းသားတွေက ၇၀၀ လောက်တောင် ရှိနေပြီ။ တန်းခွဲတွေကလည်း များတယ်။ အထက်တန်းကို ဆရာ ၁၄ ယောက်လောက်နဲ့ လည်ပတ်နေတာ။ မနားမနေ သင်နေရတာတော့။ ပင်ပန်းတာပေါ့။ တကယ်လို့ နေမကောင်းဖြစ်လို့ ခွင့်ယူမယ်ဆိုရင် အစားထိုးဝင်ပေးဖို့သူ မရှိဘူးဖြစ်နေပါတယ်။ အသစ်ချပေးရင် တော့ ဆရာ/မတွေလည်း ပေါ့ပေါ့ပါးပါး ဖြစ်မှာပေါ့” ဟု ပြောသည်။

အဆိုပါကျောင်းတွင် KG အတန်းမှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၀၀ ကျော်ခန့်အား ၂ သုတ်ခွဲ၍ ဆရာ/မ ၆၀ ကျော်ခန့်က စာသင်ကြားပေးနေသည်ဟု သူက ပြောသည်။

ယခုကိစ္စနှင့်ပတ်သတ်ပြီး မင်းပြားမြို့နယ်ပညာရေးမှူး ဦးစံသိန်းထွန်းအား ဆက်သွယ်မေးမြန်းရာ သူက “ဆရာ၊ ဆရာတွေတော့ ချပေးထားတယ်။ အတိအကျကိုတော့ စာရင်းကို ကြည့်ပြီးမှ ပြောနိုင်မယ် ” ဟုပြောသည်။

အလားတူ ရသေ့တောင်မြို့ရှိ အထက (၂) မြို့မ ကျောင်းတွင်လည်း အထက်တန်း၌ ကျောင်းသား၊ ကျောင်းသူ ၆၀၀ ‌ကျော်အား ဆရာ၊ ဆရာမ ၁၂ ဦးက သင်ကြားပြသနေရသော်လည်း အင်္ဂလိပ်၊ ဇီဝဗေဒ၊ ဓါတုဗေဒ၊ ပထဝီ၊ သမိုင်း ဘာသာရပ်များကို သင်ကြားမည့် ဆရာ၊ ဆရာမ မရှိဖြစ်နေကြောင်း ထိုကျောင်းမှ ဆရာမတစ်ဦးက နိရဉ္စရာ ကို ပြောသည်။

“ဆရာ တစ်ယောက်စီ တစ်ရက်မှာ ၅ ချိန်လောက် သင်နေရပါတယ်။ အဓိက ဆရာ၊ ဆရာမ အင်အား နည်းနေလို့ ပေါ့။ အင်္ဂလိပ်၊ ဇီဝဗေဒ၊ ဓါတုဗေဒ၊ ပထဝီ၊ သမိုင်း ဘာသာရပ်တွေအတွက် လိုတာပါ။ လောလောဆယ်တော့ နီးစပ်တဲ့ ဘာသာရပ် ဆရာတွေက ဝင်ပြပေးနေရတာပေါ့” ဟု ပြောသည်။

အဆိုပါကျောင်းတွင် KG အတန်းမှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၀၀ ကျော်အား ဆရာ/မ ၄၈ ဦးက သင်ကြားပေးနေသည်ဟု ၎င်းပြောသည်။

ရသေ့တောင်မြို့နယ်ပညာရေးမှူး ဦးထွန်းချေက “Grade 12 ထပ်တိုးလာတော့ ပုံမှန်ထက် ကျောင်းသားတွေ ပို များသွားတဲ့အတွက် ဆရာ၊ ဆရာမတွေ လိုအပ်ချက် ရှိနေတယ်။ လိုအပ်တဲ့ ဆရာ၊ ဆရာမတွေကို အစားထိုး ပေး နိုင်ဖို့ ပြည်နယ်ပညာရေးမှူးကို တင်ပြထားတယ်” ဟုပြောသည်။

ထို့အတူ မောင်တောမြို့၊ (၄) မိုင် အထက ကျောင်းတွင်လည်း အထက်တန်းအဆင့်၌ သင်္ချာဘာသာရပ် ဆရာ တစ်ဦးမှာ ယခင်နှစ်ကတည်းကပင် အပြောင်းအရွေ့ပါသွားရာ ယခုထိ အစားထိုးချမပေးသေးဟု ထိုကျောင်းမှ တာဝန်ရှိသူ ဝန်ထမ်းတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ဒီနှစ်ကတော့ ဘောဂဗေဒ ဘာသာရပ် ဆရာတစ်ဦးပဲ ဒီကျောင်းမှာ ကျတယ်ပေါ့နော်။ သင်္ချာ ဆရာတစ်ယောက် က မနှစ်ကနေ အပြောင်းအ‌ရွေ့ ပါသွားတယ်။ ဒီနှစ်လည်း သင်္ချာဘာသာအတွက် မပါဘူး။ ဆရာတစ်ယောက် မရှိ တော့ Grade 10၊ Grade 11၊ Grade 12 တွေမှာ အတန်း ၃ တန်း လောက်က လစ်ဟင်းမှု ရှိတာပေါ့။ လက်ရှိ တော့ ရူပဗေဒဘာသာရပ် ဆရာတစ်ဦး ဝင်ပြ ပေးနေတယ်” ဟု ပြောသည်။

ယခုကိုစ္စနှင့်ပတ်သတ်ပြီး မောင်တောမြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်းအား ဆက်သွယ် မေးမြန်း ကြည့်ရာတွင် သူ့အနေဖြင့် ဘာသာရပ် လိုအပ်ချက်များကိုသာ ပြည်နယ်ကို တင်ပြနိုင်ပြီး ရာထူးတိုးပိုင်း၊ အပြောင်းအရွေ့နှင့် အထက်တန်းပိုင်းတို့ကို ပြည်နယ်က စီစဉ်ဆောင်ရွက်ပေးသည်ဟု ပြောသည်။

“ကျွန်တော်တို့က ဘယ်ကျောင်းမှာ ဘယ်ဘာသာရပ် လိုအပ်ချက်ရှိလဲ။ တင်ပြပေးထားပါတယ်။ စီစဉ်ပေးလို့ မရဘူး။ မူလတန်း လက်ထောက်လောက်ပဲ မြို့နယ်က စီမံပေးလို့ရပါတယ်” ဟုပြောသည်။

ယခုကဲ့သို့ ဆရာ၊ ဆရာမဦးရေလိုအပ်ချက်များနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်အား နိရဉ္စရာ က ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးတက်နေသည်ဟုဆိုကာ ဖုန်းလက်ခံ ဖြေခံကြားခြင်း မရှိခဲ့ပါ။

ရခိုင်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃၁၉၃ ရှိပြီး ယင်းအထဲတွင် အထက်တန်းအဆင့် ကျောင်း ၄၈၇ ကျောင်း၊ အလယ်တန်းအဆင့် (အလက၊ အလက(ခွဲ)၊ မူလွန်) ကျောင်းပေါင်း စုစုပေါင်း ၁၁၇၁ ကျောင်း၊ မူလ တန်း အဆင့် ၁၅၃၅ ကျောင်း ပါဝင်သည်ဟု ပြည်နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်က မိုခါဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျောင်းပေါင်း ၁၃၃၇ ကျောင်း ပျက်စီးသွားခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးသည့် ကျောင်းအများအပြား ရှိနေသေးသည် ဟုလည်း ဒေသခံများက ပြောဆိုထားသည်။

Most read this week

ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
November 5, 2024
အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး...
November 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား...
November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...
November 1, 2024
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊...