လွိုင်ကော်မြို့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေ

လွိုင်ကော်မြို့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေ

ကရင်နီပြည် လွိုင်ကော်မြို့မှာ ဆက်သွယ်ရေး ဖုန်းလိုင်းတွေအပြင် အင်တာနက်လိုင်း တချို့ကို အသုံးပြုလို့ မရတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဇွန်လ ၂၇ ရက်နေ့၊ မနက် ၉ နာရီဝန်းကျင်ကစပြီး ATOM (တယ်လီနော) နဲ့ အော်ရီဒူးက အင်တာနက်လိုင်း အပါ အဝင် ဖုန်းလိုင်းပါ ဖြတ်တောက်ခံရပြီး Mytel (မိုင်တဲ) နဲ့ MPT ကိုသာ အသုံးပြုလို့ရတော့တယ်လို့ လွိုင်ကော်မြို့ နေ ဒေသခံတွေက ပြောပါတယ်။

“မိုင်တဲရတယ်လို့တော့ ပြောကြတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ မိုင်တဲ မသုံးကြပါဘူး။ ဝိုင်ဖိုင်မရဘူး။ MPT လည်းမရဘူး။ တယ်လီနောလည်းမရဘူး။ အော်ရီဒူးလည်းမရဘူး။ အင်တာနက်လိုင်းတွေ မရဘူး။ တယ်လီနော က ဖုန်းလိုင်းပါ မရတော့ဘူး။ ဖုန်းလိုင်းက MPT ပဲရတယ်။ ၉ နာရီ ၁၀ နာရီဝန်းကျင်လောက် စဖြတ်တယ်။ ၈ နာရီ အထိ ကျနော်တို့ သုံးလို့ရသေးတယ်” လို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်း၊ Wifi ကို မိုင်တဲဆင်းကဒ်တစ်မျိုးတည်းသာ အသုံးပြုလို့ရကြောင်းနဲ့ MPT ဆင်းကဒ် ကိုတော့ ဖုန်းလိုင်းတစ်မျိုးသာ အသုံးပြုလို့ရတော့တယ်လို့ ဆိုပါတယ်။

Fiber ကြိုး ပြတ်တောက်သွားတဲ့အတွက် ပြင်ဆင်နေတာကြောင့် လတ်တလော ဆက်သွယ်လို့ မရသေးဘူးလို့ ATOM (တယ်လီနော) ရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဇွန်လ ၂၃ ရက်နေ့မှာတော့ လွိုင်ကော်မြို့မှာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်သူတွေ ပြောင်းရွေ့နေပြီး ဇွန်လ ၂၈ ရက်နေ့နောက်ပိုင်း ထူးခြားတဲ့ ပြောင်းလဲမှု ရှိလာနိုင်တယ်လို့ ဖေ့ဘွတ် လူမှုစာမျက်နှာပေါ်မှာ ပျံနှံ့နေပြီး အဲ့ဒီ အပေါ် ဒေသခံတွေက စိုးရိမ်မှုရှိကြသလို ဇွန်လ ၂၇ ရက်နေ့မှာတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ် တောက်ခံလိုက်ရတဲ့အတွက် ပိုမိုစိုးရိမ်နေကြပါတယ်။

လွိုင်ကော်မြို့ပေါ်ရပ်ကွက်တစ်ခုမှ ဒေသခံတစ်ဦးက “ထူးထူးခြားခြားက မနက်ဖြန် ၂၈ ရက်နေ့ဆိုရင် သတိ ဝိရိ ယနဲ့ နေဖို့ပြောတယ်။ ရပ်ကွက်ထဲမှာလည်း စာကပ်ထား တယ်ပြောတယ်။ အရေးကြီးတဲ့ အိမ်ထောင်စုတို့ မှတ် ပုံတင်တို့ ဘာညာ အဆင်သင့်နေဖို့ အုပ်ချုပ်ရေးမှူးက ပြော တယ်တဲ့ ငါတို့နေတဲ့ရပ်ကွက်မှာ။ သူများတွေတော့ ပြောကြတာပေါ့ မနက်ဖြန် ဘာဖြစ်မလဲ ငါတို့ကအစ တကယ်လို့ဖြစ်လာရင် ဘယ်ဖက်ကိုပြေးမလဲ အဲ့လိုမျိုးပေါ့ နော်။ ပစ္စည်းတွေ အဆင်သင့်လုပ်ထား အဲ့လိုပေါ့“ လို့ ပြောပါတယ်။

ပျံနှံ့နေတဲ့ သတင်းနဲ့ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်)အနေနဲ့ လွိုင်ကော်မြို့ဒေသခံတွေကို လိုက်လံ အတည်ပြုမေးမြန်းချက်အရ သတင်းအရင်းအမြစ်ကို အတည်မပြုနိုင်ဘဲ တဆင့်စကားမှ တဆင့် ကြားသိရ ကြောင်း၊ ကောဟဟာလသာ ဖြစ်တယ်လို့ ပြောဆိုကြသူတွေ ရှိသလို စိုးရိမ်ထိတ်လန့်နေကြတဲ့သူတွေလည်း ရှိနေပါတယ်။

“ဘာမှတော့ ထွေထွေထူးထူး ကြားတာတော့ မရှိဘူး။ ၂၈ ရက်နေ့ကျရင် သတိထားဆိုတဲ့ဟာတော့ ကြားတယ်။ ဒီရက်က မြို့တွင်းမှာတော့ ပုံမှန်ပါပဲ။ စစ်သားကတော့ ဒီးမော့ဆိုဖက်ကနေ တက်လာတယ်။ ကား သုံးစီးနဲ့။ အရပ်သား ကားနဲ့ပဲ ဒါပေမယ့် ကားအကြီးလိုမျိုး။ ဟတ်စကီးကတော့ ၃၊ ၄ ခါသွားလာတယ်။ တစ်ခါကို နှစ်စီး -နှစ်စီးပျံတယ်” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန်လ ၂၇ ရက်နေ့မှာတော့ လွိုင်ကော်မြို့တွင်းမှာ ပုံမှန်သွားလာလှုပ်ရှားကြပြီး လွိုင်ကော်-ဒီးမော့ဆို၊ ဒီးမော့ဆို-လွိုင်ကော်ကို သွားလာနေကြတဲ့ စစ်ကောင်စီ တပ်သားတွေကိုတော့ တွေ့ရှိရတယ်လို့ မြို့ခံတစ်ဦးက ပြောပါ တယ်။

ဒါ့အပြင် ယခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်နှစ်စီးဟာ ခေါက်တုံ့ခေါက်ပြန် သွားလာနေတာရှိတယ်လို့ ဆိုကြပါတယ်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ နေထိုင်သူ တချို့ကတော့ ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းကစလို့ အင်တာနက် လိုင်းတွေ အသုံးပြုလို့မရတော့ဘူးလို့ ပြောကြပါတယ်။

November 6, 2024
ကရင်နီပြည်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေအချင်းချင်းကြားမှာ ညီညွတ်မှုနဲ့ အနာဂတ် ဖက်ဒရယ်...
November 6, 2024
ဆောင်းတွင်းကာလရောက်ရှိလာပြီဖြစ်တာကြောင့် ကရင်နီပြည်က စစ်ဘေးရှောင်စခန်းအများစုမှာရှိနေတဲ့...
November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...