ကျောက်တော်မှ လူထုဇော်ဝင်း အပါအဝင် ၃ ဦးကို အမိန့်မချဘဲ ရုံးချိန်းရွေ့ဆိုင်းမှု ၈ ကြိမ်အထိရှိလာ

ကျောက်တော်မှ လူထုဇော်ဝင်း အပါအဝင် ၃ ဦးကို အမိန့်မချဘဲ ရုံးချိန်းရွေ့ဆိုင်းမှု ၈ ကြိမ်အထိရှိလာ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသည့် လူမှုရေးတက်ကြွ လှုပ်ရှား သူ ဦးဇော်ဝင်း အပါအဝင် ၃ ဦးတို့၏အမှုကို အမိန့်မချဘဲ ၈ ကြိမ်မြောက်အဖြစ် ရုံးချိန်းထပ်မံရွေ့ဆိုင်းလိုက် သည်။

ဇွန်လ ၂၇ ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်က ကျောက်တော်မြို့နယ် တရားရုံးတွင် ဦးဇော်ဝင်း အပါအဝင် ၃ ဦးကို အမိန့်ချရန် ရုံးထုတ်ခဲ့သော်လည်း ယခင်ရက်များက နည်းတူ အမိန့်မချဘဲ လာမည့် ဇူလိုင်လ ၁၀ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်သည်ဟု သူတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နီးစပ်သူ တစ်ဦးက “ဒီနေ့လည်း ရုံးချိန်းဝင်တာနဲ့ တရားသူကြီးက ဘာမှမပြောဘဲ ၇ လပိုင်း ၁၀ ရက်နေ့ကို ထပ် ချိန်းလိုက်တယ်။ အခုဆိုရင် အမိန့်ချဖို့ ချိန်းတာ ၈ ကြိမ်တောင်ရှိသွားပြီ။ တရားသူကြီးက အထက်က အမိန့် မကျသရွေ့ အပြစ်ရှိရှိ၊ မရှိရှိ အမိန့်ချလို့မရဘူးဆိုတဲ့သဘောမျိုး” ဟု ပြောသည်။

ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသူ ၃ ဦးမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူမှုရေး တက် ကြွလှုပ်ရှားသူ ဦးဇော်ဝင်း အသက် (၄၃)နှစ်၊ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ် ကုမ္ပဏီ ဝန်ထမ်း ကိုဇော်မိုးထက် အသက် (၂၈) နှစ်နှင့် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီး (ဒေသ အခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင် အသက် (၅၁) နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့ ၃ ဦးအား အမိန့်ချမည့်ရက်ကို ယခုကဲ့သို့ အကြိမ်ပေါင်းများစွာ ရွေ့ဆိုင်းခံနေရသည့်အတွက် ဖမ်းဆီးခံ ထားရသည့် မိသားစုဝင်များတွင်လည်း စားဝတ်နေရေး အကျပ်အတည်းဖြစ်ကာ နစ်နာမှုများစွာရှိနေသည်ဟု မိသားစုဝင်များက ပြောဆိုကြသည်။

ဖမ်းဆီးခံထားသည့် ကိုဇော်မိုးထက်၏ ဖခင်ဖြစ်သူကလည်း သားဖြစ်သူမှာ အပြစ်မရှိ၍ အမှုကို အမြန်ဆုံး အမိန့်ချကာ လွှတ်ပေးစေချင်သည်ဟု နိရဉ္စရာကို ပြောသည်။

“ဒီလို တုန့်နှေးတုန့်နှေးနဲ့ ကြာနေရင် ငါတို့မှာလည်း ပိုက်ဆံတွေ ကုန်လို့မရှိတော့ဘူး။ ငါတို့တွေ အရမ်းနစ်နာ နေပြီ။ သူ့အတွက် ထမင်းဖိုး တစ်လကို ၁ သိန်း ၇ သောင်းကုန်တယ်။ တခြား ဝေယျာဝစ္စတွေနဲ့ဆိုရင် ၃ သိန်း လောက်ကုန်တယ်” ဟု ပြောသည်။

ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်၌ ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားပြီး နောက်တစ်နေ့ ဇွန် ၂၁ ရက်တွင် သူတို့ ၃ ဦးကို အကြောင်းပြချက်မရှိ ဖမ်းဆီးခဲ့ကာ စစ်ကောင်စီ က ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သူတို့ ၃ ဦးကို စွပ်စွဲထားသည့် ပုဒ်မ ၅၀၅-က မှာ ပြည်သူလူထုအကြား ကြောက်ရွံ့ထိတ်လန့်စေခြင်း၊ ကောလာ ဟလ (မမှန်သတင်း) များ ဖြန့်ချိခြင်း၊ နိုင်ငံ့ဝန်ထမ်းများအပေါ် ရာဇဝတ်ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်(သို့) သွယ်ဝိုက် လှုံ့ဆော်လျှင် ပြစ်မှုမြောက်သည့် ပုဒ်မ ဖြစ်သည်။ ပြစ်ဒဏ်မှာ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။

သူတို့ ၃ ဦးကို ဖမ်းဆီးပြီးနောက် အမှုကို စစ်ဆေးစဉ်ကာလ၌လည်း တရားလိုမရောက်၍ ရုံးချိန်းရက် အကြိမ် ကြိမ်ရွေ့ဆိုင်းခံခဲ့ရသေးသည်။ ယခုတဖန် အမှုကို စစ်ဆေးပြီး၍ အပြီးသတ်အမိန့်ချမည့်အချိန်တွင်လည်း ၈ ကြိမ်အထိ အမိန့်ချမည့်ရက်ကို ရွေ့ဆိုင်းနေခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း အမှုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“စစ်ဆေးချက်တွေမှာလည်း တစ်ခုမှ မသေမချာ မရေရာဘဲနဲ့ သူတို့ဟာ ဒီလိုရုံးချိန်း ချိန်းလိုက်လုပ်နေတဲ့ အတွက်ကြောင့် သူတို့ကို ပြောချင်တာကတော့ ဒီလိုတာရှည်မထားဘဲနဲ့ လွှတ်လိုက်စေချင်တယ်။ သူတို့ဟာ ဒီလို ဖမ်းထားတာဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်လို့ရှိရင် ပြည်သူလူထု တွေအတွက် အရမ်းနစ်နာမှုတွေရှိနေတယ်။ သူတို့ အဲဒါတွေကို မလုပ်သင့်ဘူးလို့ ပြောချင်တယ်” ဟု ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် တကျော့ ပြန် တိုက်ပွဲကာလအတွင်းတွင် စစ်ကောင်စီက ရခိုင်မြို့နယ်အသီးသီးမှ အပြစ်မဲ့ အရပ်သားပြည်သူ ၅၉၄ ဦးကို ဖမ်းဆီးခဲ့သည်။

ထိုအထဲမှ ၃၉၁ ဦးသာ ပြန်လွတ်မြောက်လာခဲ့ကာ ကျန်သည့် ၂၀၃ ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်သည် ဟု ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အွန်လိုင်းမှတဆင့် ပြုလုပ်သည့် (၇) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
November 5, 2024
အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး...
November 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား...
November 1, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ(၅) လက်အောက်ရှိ စစ်ကောင်စီ...
November 1, 2024
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊...