စစ်ကောင်စီကို နှင်ထုတ်မယ့် “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” ကမ်ပိန်း

စစ်ကောင်စီကို နှင်ထုတ်မယ့် “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” ကမ်ပိန်း

“အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ရဲ့ မောင်းသူမဲ့ လေယာဉ် ဌာန (UAV) ကနေ ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်နေ့အထိ ကမ်ပိန်း(campaign) ပြုလုပ်သွားမှာ ဖြစ်ပါ တယ်။

အာဏာသိမ်းပြီး ၂ နှစ်ကျော်အထိ တော်လှန်ရေး ကြာရှည်လာတာနဲ့ အမျှ အောင်မြင်မှုတွေလည်း ပိုမိုများပြား သလို တစ်ဖက်မှာကလည်း အားနည်းချက်တချို့တွေ ရှိလာတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

“ကျနော်တို့ တော်လှန်ရေး အချိန်ကြာလာတာနဲ့ အမျှ ကျနော်တို့ရဲ့ ကူညီထောက်ပံမှုတွေက တစ်ဖြည်းဖြည်း နည်းပါး လာတယ်ပေါ့နော်။ ကျနော်တို့ ဒီ UAV ဌာနမှာဆိုရင် ဒီဒရုန်းတွေကို ထုတ်လုပ်နေရတာ ဖြစ်တဲ့အတွက် ကြောင့် ပြည်သူလူထုရဲ့ ကူညီပံ့ပို့မှုတွေ အများကြီး လိုအပ်နေပါတယ်ပေါ့နော်။ ဒီ ၂၀၂၃ မှာ စစ်ရေးအရှိန် မြင့် မားလာတာနဲ့အတူ ကျနော်တို့ UAV ထုတ်လုပ်တဲ့ဟာတွေ တိုက်ခိုက်တဲ့ဟာတွေမှာ လိုအပ်ချက်တွေ များစွာ ရှိ လာတယ်” လို့ ဌာနမှူး 3D (သရီးဒီ) က ကမ်ပိန်း ပြုလုပ်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ပြောပါတယ်။

“အဲဒိုပေါ်မီ” ဆိုတာက ကရင်နီလူမျိုးတွေ အလေးမြတ်ထားတဲ့ ရိုးရာ ပွဲတော်တစ်ခုဖြစ်ပြီး အဲဒီပွဲတော်ဟာ ကျေးရွာအတွင်းမှာရှိတဲ့ နတ်ကောင်းနတ်မြတ်တွေ၊ ကွယ်လွန်ပြီးသွားတဲ့ ဝိညာဉ်တွေကို ပူဇော်ပသတာဖြစ်ပြီး ပွဲတော်ရက်ပြီးသွားတာနဲ့ ကျေးရွာထဲက မကောင်းဆိုးဝါးတွေကို ရွာထဲက ထွက်သွားဖို့ မောင်းထုတ်လေ့ ရှိပါ တယ်။

သမိုင်းကြောင်းအရ ရှေးကရင်နီလူမျိုးစုတွေဟာ ယွန်းလူမျိုးတွေရဲ့ ကျွန်ပြုခြင်းကို ခံခဲ့ရပြီး အဆိုပါ ယွန်းလူမျိုး ကို ပြန်လည်တိုက်ခိုက်တွန်းလှန်နိုင်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ကရင်နီလူမျိုးစုတွေက “အဲဒိုပေါ်မီ” ပွဲကို ကျင်းပကြတာလည်းဖြစ်ပါတယ်။

”အဲဒီ သင်္ကေတက လွတ်မြောက်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကိုလည်း ဆောင်တယ်ပေါ့နော်။ ဆိုတော့ ဒီကျနော်တို့ လွတ်မြောက်ဖို့အတွက်က ဒီဟာတွေ များများ ကျနော်တို့ဆီမှာ ရှိဖို့ လိုတယ်ပေါ့နော်။ လိုအပ်တဲ့ ပစ္စည်းတွေ ဒရုန်းတွေ များများရှိဖို့လည်း လိုတယ်။ ဒါကြောင့် ဒီအဓိပ္ပါယ်ကို ယူပြီးတော့ “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” ကမ်ပိန်းကို ပြုလုပ်ရခြင်း ဖြစ်တယ်” လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒီလိုအပ်ချက်တွေကို ပြန်လည် ဖြည့်တင်းနိုင်ဖို့အတွက် UAV ဒရုန်းတပ်ဖွဲ့လေးဟာ “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ” ကမ်ပိန်းကို ပြုလုပ်ပြီး ကရင်နီလူမျိုးတွေရဲ့ ကျေးရွာအတွင်းက မကောင်းဆိုးဝါးတွေကို နှင်ထုတ်တဲ့နည်း အတိုင်း၊ စစ်ကောင်စီတပ်ကို ကရင်နီပြည်တွင်းက နှင်ထုတ်နိုင်ဖို့ အတွက် ရံပုံငွေရှာနေတာပဲ ဖြစ်ပါတယ်။

KNDF ရဲ့ မောင်းသူမဲ့ လေယာဉ်ဌာန UAV ဟာ လက်နက်အင်အား၊ လူအင်အားသာလွန်နေတဲ့ စစ်ကောင်စီ တပ်ကို တိုက်ခိုက်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

မောင်းသူမဲ့ လေယာဉ်ငယ် ဒါမှမဟုတ် ဒရုန်းတွေကို အသုံးပြုပြီး အင်အားများတဲ့ စစ်ကောင်စီကို တိုက်ခိုက် တာ ဟာ ပိုပြီးထိရောက်တဲ့အပြင် ကိုယ့်ဘက်က လူတွေကိုလည်း အထိအခိုက်နည်းစေတယ်လို့ ရဲဘော်တွေက ပြော ပါတယ်။ လူကိုယ်တိုင်ဝင်ဖို့ မလွယ်ကူတဲ့ နေရာတွေမှာ ဒရုန်းတွေကို အသုံးပြုပြီး တိုက်ခိုက်ကြတာပါ။

ဒါ့အပြင် တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေကို စစ်ကောင်စီဟာ မြေပြင်မှာရှိတဲ့ သူတို့ရဲ့ လူတွေကို လက်နက်ကြီး တွေနဲ့ မနားတမ်း ပစ်ကူလေ့ရှိပါတယ်။ ဒီလို လက်နက်ကြီး အဆက်မပြတ် မပစ်ခတ်နိုင်အောင် UAV ရဲ့ ဒရုန်း တွေနဲ့ တိုက်ခိုက်ပြီး ရပ်တန့်စေနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ UAV တွေကို သုံးပြီးတိုက်ခိုက်တဲ့အခါမျိုးဆိုရင် ကျနော်တို့ ရန်သူတွေရဲ့ လက်နက်ကြီး ပစ်ကူတွေကို ကျနော်တို့ ဟန့်တားနိုင်တယ်ပေါ့နော်။ လက်နက်ကြီး ဆက်တိုက် မပစ်နိုင်အောင် ကျနော်တို့ နှောက်ယှက်နိုင် တယ်ပေါ့နော်။ ပြီးတော့ ရှေ့တန်းမှာလည်း UAV တွေက ရန်သူတွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်တယ်။ လက်နက်ကြီးပစ်တာထက် အများကြီး ပိုတိကျပြီးတော့ ရန်သူတွေကို ကျဆုံးမှုများအောင် ကျနော်တို့ စွမ်း ဆောင်နိုင်ခဲ့တယ် ပေါ့နော်” လို့ UAV ဌာနရဲ့ ဌာနမှူး 3D (သရီးဒီ) က ပြောပါတယ်။

အဆိုပါ UAV ရဲ့ ပြောကြားချက်အရတော့ ပြီးခဲ့တဲ့ ၆ လအတွင်းမှာ ပဲ ကရင်နီပြည်က တိုက်ပွဲကြီး ၁၂ ခုမှာ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးကာလ ၂ နှစ်အတွင်းမှာတော့ တိုက်ပွဲပေါင်း ၂၅ ပွဲမှာ ပူးပေါင်း ပါဝင်နိုင်ခဲ့တယ်လို့ ဌာနမှူး 3D (သရီးဒီ) ကပြောပါတယ်။

တိုက်ပွဲတွေ ဆက်လက်အောင်မြင်မှုရရှိနိုင်ရေးအတွက် လက်ရှိ ပြုလုပ်နေတဲ့ ကမ်းပိန်းကို ပါဝင်အားဖြည့်ကြဖို့ ရှေ့တန်းရဲဘော်တစ်ဦးက တိုက်တွန်းပြောဆိုပါတယ်။

”ရန်သူဘက်ကလည်း အကျအဆုံးတွေ များစွာ ရှိတယ်။ ဒီဒရုန်းတွေကလည်း တိုက်ပွဲအဖြေကို အများကြီး ပြောင်းလဲ ပေးနိုင်တယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဒီလိုမျိုးတွေ ပြုလုပ်နိုင်ဖို့ ကျနော်တို့ ဘတ်ဂျက် အလုံအလောက်မရှိဘူးပေါ့နော်။ အဲဒီအတွက် ကျနော်တို့ ‘အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ’ ကမ်ပိန်းကို ပြုလုပ်ရခြင်း ဖြစ် တယ်။ ဒီကမ်ပိန်းမှာလည်း ပြည်သူတွေက ကျနော်တို့နဲ့အတူတူ ပူးပေါင်းပြီးတော့ မိစ္ဆာတွေကို နှင်ထုတ်နိုင်ဖို့ အတွက် ကူညီပေးပါဦးလို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။”

“အဲဒိုပေါ်မီ မိစ္တာနှင်ပွဲ” ကမ်ပိန်းကို မြန်မာငွေ ကျပ်သိန်းပေါင်း (၄၅၀၀) ကျပ် (အမေရိကန်ဒေါ်လာ 150,000) အထိ ရည်မှန်းထားပြီး KNDF - UAV ဌာနမှ ကိုယ်တိုင်ထုတ်လုပ်တဲ့ Long Range Fixed Wings UAVs ကို အမြောက်အမြား ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

November 7, 2024
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းက ရွှေညောင်ကုန်းစစ်ရှောင်စခန်းမှာ...
November 7, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုဖြစ်ပြီးနောက်ပိုင်းကစလို့...
November 6, 2024
ကရင်နီပြည်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေအချင်းချင်းကြားမှာ ညီညွတ်မှုနဲ့ အနာဂတ် ဖက်ဒရယ်...
November 6, 2024
ဆောင်းတွင်းကာလရောက်ရှိလာပြီဖြစ်တာကြောင့် ကရင်နီပြည်က စစ်ဘေးရှောင်စခန်းအများစုမှာရှိနေတဲ့...