ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေတွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်အားလိုင်းများကို အိမ်သို့ ပြန်လည်သွယ်တန်းရာတွင် ငွေကြေးတောင်းခံမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
စစ်တွေမြို့ပေါ် ရပ်ကွက်အချို့တွင် လျှပ်စစ်မီးရရှိပြီးဖြစ်သော်လည်း မရရှိသေးသည့် ရပ်ကွက်အချို့တွင် လျှပ်စစ် မီးရရှိရေးအတွက် EPC ရုံးကို သွားရောက်မေးမြန်းခဲ့ရာ တစ်အိမ်ကို ကျပ် ၅၀,၀၀၀ ပေးရမည်ဟု ဝန်ထမ်းအချို့ က တောင်းခံမှုများရှိကြောင်း ဒေသခံများက ပြောသည်။
စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်မှ ဒေသခံတစ်ဦးက “မီးရတဲ့ နေရာတွေကလည်း ရနေကြပြီပေါ့။ ကျနော်တို့ ဘက်တွေကိုကျတော့ အခု EPC က လူတွေကိုသွားပြောတာ တစ်အိမ်ကို ၅ သောင်းပေးမှ လေးအိမ် ၂ သိန်းပေးမှ မီးလုပ်ပေးမယ်လို့ ပြောတယ်” ဟု ပြောသည်။
ယင်းအပြင် မင်းဂံရပ်ကွက်များတွင်လည်း လျှပ်စစ်မီး အမြန်ရရှိရေးအတွက် ငွေကြေးတောင်းခံမှုများရှိသည်ဟု ဒေသခံများက ပြောသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ကျနော့်အထင်ပြောရရင်တော့ လျှပ်စစ်မီး အိမ်တွေမှာ ရဖို့ နားလည်မှုနဲ့ သွားတယ်လို့ထင်တယ်။ ငွေအရင်ပေးတဲ့အိမ် အရင်ရမယ် ဆိုတဲ့သဘော။ ဒီနေရာမှာက သိတဲ့အတိုင်းပဲ။ ရေဆို တာ တွင်းထဲက ခပ်လို့ရတဲ့ တွင်းမရှိဘူး။ လျှပ်စစ်နဲ့ မော်တာတင်မှ ရေတက်တယ်။ အဲ့တော့ ဒုက္ခတွေက တအား ရောက်တာပေါ့။ ဒါကြောင့် ငွေပေးပြီး မီးသွင်းနေရတဲ့ အနေအထားပါ” ဟု ပြောသည်။
လက်ရှိ လျှပ်စစ်မီးမရရှိသေးသည့် ရပ်ကွက်များတွင် မီးစက်ရှိသည့် နေအိမ်များမှ နားလည်မှုနှင့် လျှပ်စစ် သွယ် တန်း ယူသုံးစွဲမှုများရှိသလို အချို့နေရာများတွင် ဖုန်းနှင့် လျှပ်စစ်မီးလုံးများကို ကျပ် ၅၀၀၊ ၁၀၀၀ ပေးကာ သုံးစွဲနေကြရသည်။
လျှပ်စစ်မီးမရရှိသောကြောင့် အပိုငွေကုန်ကျမှုများ၍ လျှပ်စစ်မီးကို အတတ်နိုင်ဆုံး အမြန်ရရှိလိုသည်ဟု မင်းဂံ အကွက် (၁၁) တွင် နေထိုင်သည့် ဒေါ်လှဝင်းတင်က ပြောသည်။
“ထမင်းချက်ရတာလည်း အဆင်မပြေ။ ငွေကုန်ကြေးကျလည်း များတယ်။ ဖုန်းဆိုလည်း ပိုက်ဆံပေးပြီး သွား သွင်းရတယ်။ အစစအရာရာ အဆင်မပြေဘူးပေါ့။ ဒါပေမယ့် သူတို့ လုပ်တော့လုပ်နေကြတယ်။ ကိုယ်တွေဘက် ကိုတော့ ဘယ်အချိန်မှ ရောက်လာမယ်မသိဘူး” ဟု ပြောသည်။
ယခုကိစ္စများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများကို မေးမြန်းရအုံးမည်ဟု နိရဉ္စရာကို ပြောသည်။
“အခကြေးငွေ ယူခိုင်းထားတာတော့ မရှိဘူး။ မီးလိုချင်တော့ နီးစပ်ရာ လျှပ်စစ်နားလည်သူတွေကို ပိုက်ဆံပေး ခိုင်းတာတော့ ရှိတာပေါ့။ အများကြီး တပြိုင်တည်းလုပ်ဖို့က အဆင်မပြေဘူးလေ။ ဌာနက လွှတ်တဲ့ အခမဲ့ ဝန် ထမ်းတွေဆိုရင်တော့ နည်းနည်းတော့ စောင့်ရတာပေါ့နော်” ဟု ပြောသည်။
ပြီးခဲ့သည့်အပတ်က စစ်တွေမြို့တွင်း ရပ်ကွက်များရှိ နေအိမ်များမှ မီးကြိုးများနှင့် မဟာဓာတ်အားလိုင်းတို့ကို ဆက်ရာတွင်လည်း EPC ရုံးမှ မီးသွယ်သည့်ဝန်ထမ်းများက တစ်အိမ်လျှင် ကျပ် ၁ သောင်းမှ ၅ သောင်းအထိ ကောက်ခံ၍ မြို့ခံများက ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
ယင်းကြောင့် မြို့နယ်လျှပ်စစ်ရုံးက အခကြေးငွေပေးဆောင်စရာ လုံးဝမလိုဟု မြို့တွင်းတွင် လှည့်လည် ကြေညာခဲ့ရသေးသည်။
သို့သော် လက်ရှိအချိန်ထိ စစ်တွေမြို့ရှိ လျှပ်စစ်မီးမရသေးသည့်ရပ်ကွက်များရှိ နေအိမ်များကို မဟာဓာတ်အား လိုင်းမှ လျှပ်စစ် မီးသွယ်ပါက တစ်အိမ်လျှင် ကျပ် ၁ သောင်းမှ ၁ သောင်းခွဲစသည်ဖြင့် ငွေကြေးများ ဆက်လက် ကောက်နေကြဆဲဟု ဒေသခံများက ပြောသည်။
မိုခါမုန်တိုင်းပြီးနောက် ဇွန်လ ၇ ရက်မှစတင်ကာ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်း မြို့ပေါ် ရပ်ကွက်တချို့၌ လျှပ်စစ် မီး စတင်ရရှိခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းတွင် ကျောက်တော်မြို့၌လည်း ရရှိခဲ့သည်။
အလားတူ ယနေ့ ဇွန် ၂၃ ရက်တွင်လည်း မြောက်ဦး၊ မင်းပြားမြို့ပေါ် ရပ်ကွက် တချို့ လျှပ်စစ်မီးရရှိနေပြီဟု ဒေသခံများက ပြောသည်။ သို့သော်လည်း ပုံမှန်လည်ပတ်နိုင်မှုမရှိသေးကြောင်း ဒေသခံများက ပြောသည်။
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တောနှင့် မြေပုံ စသည့် မြို့နယ်များကိုလည်း ဇူလိုင်လအတွင်း လျှပ်စစ်မီးပြန်လည်ရရှိအောင် လုပ်ဆောင်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။