လက်နက်ကြီးကြောင့် ကျောင်းထိုင်ဆရာတော် ဒဏ်ရာရ

လက်နက်ကြီးကြောင့် ကျောင်းထိုင်ဆရာတော် ဒဏ်ရာရ

ကယား(ကရင်နီ)ပြည်၊ ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ကျောင်းထိုင် ဆရာတော်နှင့် အရပ်သားတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ် များက ပြောသည်။

ဇွန်လ ၂၁ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် ဖားဆောင်းတောင်ကုန်းပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် များက လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် ဖားဆောင်းမြို့၊ တောင်ပိုင်း ၁၃၅ ရပ်ကွက်ရှိ သိမ်ကျောင်း ကျောင်းထိုင်ဆရာတော်နှင့် ထိုကျောင်းတွင် စစ်ဘေးရှောင် ခိုလှုံနေသည့် အရပ်သားတစ်ဦးအား ထိမှန်ခဲ့ခြင်း ဖြစ်သည်။

သိမ်ကျောင်း အနီးတွင် နေထိုင်သူ တစ်ဦးက “တစ်မနက်လုံး တိုက်ပွဲဖြစ်နေလို့ ဘုန်းကြီးကျောင်းမှာ လာစုနေ ကြတာ။ ညနေပိုင်းလောက်ရောက်တော့ ကျောင်းပေါ်တည့်တည့် ကျတာပေါ့။ ဆရာတော်က မစိုးရိမ်ရပါဘူး။ ဗိုက်ထိတဲ့ တစ်ယောက်က တော်တော် စိုးရိမ်ရတယ်” ဟု ပြောသည်။

ကျောင်းထိုင် ဆရာတော်မှာ လက်မောင်း ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ကျန်အရပ်သား တစ်ဦးမှာ ဝမ်းဗိုက် ထိမှန် ဒဏ်ရာ ပြင်းထန်လွန်းသောကြောင့် အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ဆိုသည်။

ထို့အပြင် သိမ်ကျောင်းပေါ်သို့ လက်နက်ကြီး ကျရောက်ခဲ့သောကြောင့် စစ်ဘေးတိမ်းရှောင် ခိုလှုံနေကြသူများမှာ ချက်ချင်းပင် နေအိမ်သို့ ပြန်ပြေးကြရပြီး လက်ရှိတွင် စစ်ဘေးရှောင်ရမည့် နေရာပင် မရှိတော့သဖြင့် စိုးရိမ် ကြောက်လန့် နေကြသည်။

ဖားဆောင်းမြို့တွင် ဇွန်လ ၂၁ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်ကတည်းက ကရင်နီတော်လှန်ရေး အင်အားစုများ နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး မြို့အတွင်းသို့ လက်နက်ကြီးများ ဆက်တိုက် ကျရောက်နေသည်ဟု မြို့နေပြည်သူများက ပြောသည်။

ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ဖားဆောင်း သံလွင်တံတား ထိပ်တည့်တည့်မှာ သူတို့ ဆွယ်ပြီးတော့မှ အဲဒီကနေ တက်ဖို့ လုပ်နေတာ။ ကျနော်တို့က ဒီဘက် အရှေ့ဘက်ကမ်းကို ရောက်မလာဖို့ ကာ နေတာ။ သူတို့က အခု အရှေ့ဘက်ကမ်း သံလွင်တံတား ထိပ်မှာ။ စစ်ရေး အခြေအနေကတော့ ဒီထက်ပိုပြီး ပြင်း ထန်မယ့် အနေအထားတော့ ရှိနိုင်တယ်ပေါ့နော်။ သူတို့လည်းပဲ ဒီဘက်ကို ရောက်အောင်ထိုးဖို့ ပြင်ဆင်နေတာ ပေါ့။ ကျနော်တို့ကလည်း အတတ်နိုင်ဆုံး သံလွင် အရှေ့ဘက်ခြမ်းကို အတတ်နိုင်ဆုံးရအောင် ကာရမှာပေါ့” ဟု ပြောသည်။

လက်ရှိ ဖားဆောင်းတိုက်ပွဲတွင် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)၏ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ဖားဆောင်း PDF(1108)၊ ဘော်လခဲ PDF(1105)၊ လွိုင်ကော် PDF (1103) တို့အပြင် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး သဘောတူ လက်မှတ် ရေးထိုးထားသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ- KNLPF) မှလည်း တော်လှန်ရေး အင်အားစုများဘက်မှ ပါဝင် တိုက်ခိုက်လျက် ရှိနေသည်။

ဖားဆောင်းမြို့နယ်တွင် ဇွန်လ ၁၄ ရက်နေ့ကတည်းက တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေသော်လည်း လမ်းများ ပိတ်ဆို့ထားသည့်အတွက် ဒေသခံများမှာ စစ်ဘေးရှောင်၍ မရဘဲ ဘုန်းကြီးကျောင်းများတွင်သာ စုပြီးနေ နေကြရခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားပြီး ကုန်ဈေးနှုန်းများမှာ အဆမတန် ဈေးတက်နေသောကြောင့် အခြေခံလူတန်းစားမှာ အသက်အန္တရာယ်အပြင် အငတ်ဘေး ကျရောက်မည်ကိုလည်း စိုးရိမ်ပူပန်နေကြသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...