NLD လွှတ်တော်ကိုယ်စားလှယ်နေအိမ်ကို ချိပ်ပိတ်

NLD လွှတ်တော်ကိုယ်စားလှယ်နေအိမ်ကို ချိပ်ပိတ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဟောင်းဖြစ်သူ ဒေါ်ခင်မျိုးမြင့် နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ကျိုက်မရောမြို့၊ ရှင်စောပုရပ်ကွက် ၃၊ ဗညားနွဲ့လမ်းရှိ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်မျိုးမြင့် နေအိမ် ကို စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များက ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် လာရောက်ချိပ်ပိတ် သွားခဲ့ ခြင်း ဖြစ်သည်။

ဒေါ်ခင်မျိုးမြင့်သည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အမှု ဖွင့်ခံထားရပြီး လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရသူတစ်ဦးလည်း ဖြစ်သည်။

“ဇွန် ၂၀ ရက်နေ့က လာချိတ်ပိတ်သွားတယ်။ အိမ်နဲ့ ခြံကို ဗီနိုင်းတွေကပ်၊ သော့တွေခတ်ပြီးတော့ ချိပ်ပိတ်သွား တာ။ ဒေါ်ခင်မျိုးမြင့်က စစ်တပ် အာဏာသိမ်းပြီးတော့ အမှုဖွင့်ခံထားရတယ်လေ။ သူက အဲ့ကတည်းက တိမ်း ရှောင်နေရတယ်။ အခု သူ့အိမ်ကို လာချိပ်ပိတ်သွားတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါ်ခင်မျိုးမြင့်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) နေရာမှ NLD ပါတီ ကိုယ်စားပြု အနေဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည့်အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိ ထားသည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ NLD လွှတ်တော်ကိုယ်စားလှယ်အများစု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရပြီး တိမ်းရှောင်နေကြရသည်။

အလားတူ ကရင်ပြည်နယ်၊ ဘာအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ၊ အမှတ် ၇ ရပ်ကွက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး နိုင်သုဝဏ္ဏ (ခ) နိုင်ထွန်းဖေ၏ နေအိမ်ကို စစ်ကောင်စီက ဇွန်လ ၁၃ ရက် နေ့၊ ညနေ ၃ နာရီအချိန်ခန့်က စာကပ်ပြီး ချိပ်ပိတ် သိမ်းဆည်းလိုက်သည်ဟု နီးစပ်သူများက ပြောသည်။

ယခုလ (ဇွန်လ)အတွင်း ဧရာဝတီတိုင်း၊ ဘိုကလေးမြို့က ပြည်သူပိုင် နေအိမ် ၃ လုံးကို စစ်တပ်က ချိပ်ပိတ်ခဲ့ပါ သေးသည်။ ဘိုကလေးမြို့နယ်ရှိ အဆိုပါ နေအိမ်သုံးလုံး၏ ပိုင်ရှင်များသည် နိုင်ငံရေးလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဇွန်လ ၃ ရက်နေ့က ချိပ်ပိတ်သိမ်းဆည်းခံလိုက်ရခြင်း ဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ပါဝင်သူများ၊ NLD ပါတီနှင့် ပတ်သက်ဆက်နွယ်သူ များ အပြင် NLD၊ NUG၊ PDF အဖွဲ့များနှင့် ပတ်သက်ဆက်စပ်မှုရှိသည်ဟု သံသယရှိပါကလည်း ဖမ်းဆီးစစ်ဆေး ခြင်း၊ ထောင်ချခြင်း၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်း ချိပ်ပိတ်ခြင်းများ ဆက်တိုက် လုပ်ဆောင်လျှက်ရှိသည်။

စစ်တပ်က အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်အပါအဝင် တနိုင်ငံလုံးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ NLD လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီဝင်များ၊ အရပ်သားပြည်သူများ စုစုပေါင်း ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း NLD က ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...